အဓိကအကြောင်းအရာသို့ သွားမည်
x

(၂၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၂၅)ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ “ပျားမွေးမြူရေးနှင့် နေကြာသီးနှံအထွက်တိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာဦးစီးဌာနများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ ပျဉ်းမနားမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နေကြာသီးနှံအပါအဝင် ပင်ခြားဝတ်မှုန်ကူးသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းအထွက်တိုးစေရန်အတွက် ပျားနှင့် အခြားဝတ်မှုန်ကူးအင်း ဆက်ပိုးများလိုအပ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ပျားမွေးမြူရေးကို ပူးတွဲလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ပျားရည်လည်းရ ဝတ်မှုန်ကူးမှုအပြည့်အဝရ၍ အစေ့အဆန်ဖွံ့ဖြိုးကာ နေကြာပွင့်အလေးချိန်တိုး၍ သီးနှံအထွက်လည်းတိုးတက်နိုင်ကြောင်း၊ မိုးကြိုမိုးနှောင်းကာလများတွင် နေကြာစိုက်ခင်းများအတွင်း ပျားများရှိခြင်း၊ မရှိခြင်းအပေါ် သီးနှံအထွက်နှုန်းရလဒ်များကို ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့်ပူးပေါင်း၍ သုတေသနများ ပြုလုပ်သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဖြူဖြူစမ်းက “ပျားမွေးမြူရေးနှင့် နေကြာသီးနှံအထွက်တိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်သိန်းက “ပျားများနှင့် ပျားအုံအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခဒေါက်တာလှိုင်မင်းဦးက “ပျားမွေးမြူရေးနှင့်ပျားမွေးမြူရေးဆိုင်ရာ နည်းလမ်းကောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ကျန်မြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းအထူးအထွက်တိုးရေးအတွက် ပေါင်ကြီးတင်စနစ် Broad Bed and Furrow အသုံးပြု၍ စီမံချက်များရေးဆွဲလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။