အဓိကအကြောင်းအရာသို့ သွားမည်
x

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူတို့က ဆွေးနွေးဆောင်ရွက်သွားမည့် အမျိုးသားမြေဥပဒေမူကြမ်းပါ အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များက အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥပဒေမူကြမ်းအပေါ် စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်တို့၏အကြံ ပြုချက်များဖြင့် ပြန်လည်စိစစ် ပြင်ဆင်ထားသည့် မူကြမ်းအခန်းလိုက် ရေးသားပြုစုထားမှုအခြေ အနေ၊ တစ်ခန်းချင်းပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြကြရာ အစည်းအဝေးတက်ရောကလာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

ရေးဆွဲပြုစုလျက်ရှိသည့် အမျိုးသားမြေဥပဒေတွင် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေများ၌ မြေနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ဥပဒေချင်းဝိရောဓိဖြစ်နေသော အချက်များရှိပါက ဖြေရှင်းပေးနိုင်မည့်အချက်များ ထည့်သွင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကြိမ်အစည်းအဝေးတွင် မြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက်နှင့် လုပ်ငန်းအချိန်ကာလ သတ်မှတ်မှုတို့ကို အကြမ်းစတင်ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲနှင့် ထပ်မံအကြံပြုခဲ့မှုများအပေါ် အချောသပ်ပြုစု၍လုပ်ငန်းကော်မတီသို့ တင်ပြပေးနိုင်ခဲ့ကြောင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။