အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စစ်ဆေးကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၂၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ၏သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများကဆီထွက်သီးနှံ နေကြာ ဆင်းရွှေကြာ-၂ ၊ ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင်သီးနှံ ၁၁ မျိုး၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ဈေးကွက်ဝယ်လိုအားကို ထည့်သွင်းတွက်ချက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်လုပ်ခြင်းနှင့် မျိုးသန့်မျိုးပွားဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေးနှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်းတွက်ချက် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဌာန(VFDC)၊ လှိုင်းတက်ခြံ၏ ဟင်းသီးဟင်းရွက်ရာသီသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်သော သီးနှံမျိုးကောင်း၊ မျိုးသန့်မျိုးစေ့၊ ပျိုးပင်များထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ တစ်ပြိုင်တည်းဆောင်ရွက်ရန်၊ တောင်သူများ၏သဘောထားမှတ်ချက်ကိုရယူ၍ အပူပိုင်းဒေသနှင့်ကိုက်ညီဖြစ်ထွန်းစေမည့် သီးနှံအမယ်များကိုရွေးချယ်ပြီး မျိုးသန့်မျိုးပွားထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနပိုင်စက်ရုံအား Dagon Foods Co.,Ltd က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် သစ်သီးဝလံ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ဟဲဟိုးမြို့ ဥဿာကံကျေးရွာရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်သီးနှံဖြစ်သည့်အာလူးကို မုန့်ပဲသရေစာနှင့် အခြားသောစားသောက် ကုန်ချောများအဖြစ် တွင်ကျယ်စွာအသုံးပြုနေခြင်း ကြောင့် ဈေးကွက်သေချာ၍ အရေးပါသော စိုက်ပျိုး ရေးထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသည့်ဒေသအလိုက် စိုက်ပျိုးချိန်၊ တူးဖော်သိမ်းဆည်းချိန် မတူညီနိုင်မှုကို တောင်သူများ အလေးဂရုပြုနိုင်ကြရန်နှင့် နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဖြန့်ဝေပေးရန် လိုအပ် ကြောင်း၊ အလားတူမျိုးအာလူးများ ထုတ်လုပ်ရာတွင်လည်း ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်အကြိုက် စားသုံးမှုအရည် အသွေးကောင်းမွန်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံတောင်သူများက ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် အာလူးစိုက်ခင်းများနှင့် ကြက်သွန်ဖြူ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။