အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းနှင့်တွေ့ဆုံ ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော် မတ် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည့် မျိုးစေ့ပြပွဲ(၂၀၂၄)သို့ လာရောက်လေ့လာကြသည့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း၊ ပုဂ္ဂလိက ပျားမွေးမြူသူ၊ ပြည်ပသို့ပျားရည်တင်ပို့သူများနှင့်တွေ့ဆုံ၍ ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပျားရောဂါကာကွယ်ကုသမှုကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး၊ ပျားအုံများတစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းလုပ်ငန်းများနှင့် ပျားရည်တင်ပို့ခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ စီမံပေးနိုင်ရေး၊ ပြည်ပသို့တင်ပို့မည့် ပျားရည်များ ဓာတ်ခွဲစစ်ဆေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း၏ ထောက်ခံချက်လက်မှတ်ထုတ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကနေကြာ သီးနှံအပါအဝင် ပင်ခြားဝတ်မှုန်ကူးသည့် သီးနှံများ ဝတ်မှုန်ကူးယှက်မှုကောင်းစေရန် ပျားမွေးမြူရေးကို တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေနှစ်မျိုးရနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေသဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်လုပ်ကိုင်လာစေရေး ပညာပေးဆောင်ရွက်ရန်၊ ပြည်တွင်း၌ ဆေးဝါးနှင့် အာဟာရဓာတ်စာအဖြစ် တန်ဖိုးထား အသုံးပြုသည့်နည်းတူ ပြည်ပဈေးကွက် ဝယ်လိုအားရှိနေသည့် ပျားရည်ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဌာနနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများနှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတို့ရှိ မြို့နယ် ၃၁ ခု၌ ပျားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပညာပေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနနှင့်ပုဂ္ဂလိကမွေးမြူသူ ၈၁၈ ဦးမှပျားအုံ ၂၀၉၀၂၁ အုံ မွေးမြူလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလအထိ ပျားရည်မက်ထရစ်တန် ၄၁၀၀ ကျော် ထုတ်လုပ်ပြီး ဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီနိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပျားရည်တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ သုံးသန်းခန့်ရရှိခဲ့ကြောင်း သိရသည်