အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်စေရေး ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

နေပြည်တော် မတ် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း TMT Port သို့ရောက်ရှိပြီး ပြည်ပနိုင်ငံသို့တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများအား X-Ray ဓာတ်ရောင်ခြည်စက်တွင် စနစ်တကျစစ်ဆေးနေမှု၊ ပြည်ပသို့တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရန်ပြင်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ (၁) ၌ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သဘာဝမြစ်ချောင်းများ၊ ဆည်ကန်များတွင် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းရေးနှင့် အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်မီသည့် ငါးအသားရိက္ခာကို ပြည်သူများ ဖူလုံစွာစားသုံးနိုင်ရေး၊ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရောင်းချမှု တိုးမြင့်နိုင်ရေးအတွက်ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်ကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေပြည်သာစက်မှုဇုန်ရှိ High Win International Co.,Ltd ၏ တန် ၅၀၀ ဆံ့ အဆင့်မီအအေး ခန်းစက်ရုံနှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ထွန်းသော်တာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ငါး၊ ပုစွန် အေးခဲပြုပြင်ထုတ်လုပ်သည့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်များ၏ အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှုများ အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက်သို့ အကောင်းဆုံးထုတ်ကုန်များ တင်ပို့နိုင်ရန်၊ ဝန်ထမ်းတိုင်း အရည်အချင်း ပြည့်မီစေရေးအတွက် ကောင်းမွန်စွာသင်ကြားလေ့ကျင့်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ရန်ကုန်မြို့ဗဟန်းမြို့နယ် မြေပဒေသာကျွန်းရှိ မာလာမြိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အရောင်းဆိုင်ကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။