အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအားပေးမြှင့်တင်

နေပြည်တော် မတ် ၆

မွေးမြူရေးထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်း များမှလုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။

 ညှိနှိုင်းဆောင်ရွက်

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်း များအားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ စိုက်ပျိုး မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရန် တောင်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင် ကြစေရန် အစားအစာဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော မွေးမြူရေးထွက်ကုန်များနှင့် ခေတ်မီကုန်ချော ထုတ်လုပ်မှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး အစည်းအဝေး၊ တက်ရောက်လာသူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆွေးနွေးမှာကြား

ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ်ရွှေလင်ပန်းစက်မှုဇုန်ရှိ မွေးမြူရေး ထွက်ကုန်အခြေခံ အသင့်စားကုန်ချောထုတ် စက်ရုံများကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေနေရာအားငှားရမ်းလုပ်ကိုင်လျက်ရှိသည့် First Gloden Dragon Construction Co.,Ltd ၏ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။