အဓိကအကြောင်းအရာသို့ သွားမည်
x

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သော ပြည်တွင်းထုတ် လယ်ယာလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အားပေးကူညီ

နေပြည်တော် မတ် ၇

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သော ပြည်တွင်းထုတ် လယ်ယာလုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကူညီအားပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် အခြားဘက်စုံသုံး PVC ပိုက်နှင့်ရေတိုင်ကီထုတ်လုပ်သည့် ပုဂ္ဂလိကစက်ရုံသို့ ရောက်ရှိပြီး ရေပိုက်၊ ရေတိုင်ကီများ၊ စိုက်ပျိုးရေးသုံး PE အစက်ချ ပိုက်များ၊ စိုက်ပျိုးရေးသုံး ရေမှုန်ဖျန်းပိုက်များ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

အလားတူ Century Bright Gold Company Limited ၏ လယ်ယာသုံးစက်ကိရိယာနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းပြခန်းတည်ဆောက် ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီသော လယ်ယာသုံးစက်ကိရိယာများ တောင်သူများထံ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ကူညီထောက်ပံ့ပေး

 မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၆ ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် ဘက်စုံမွေးမြူရေးခြံ၌ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် နွားစာမြက်စိုက်ပျိုး ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ဆေးဝါးပစ္စည်းနှင့် တိရစ္ဆာန်အစာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။