အဓိကအကြောင်းအရာသို့ သွားမည်
x

မြိတ်ခရိုင်၏ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်း အခြေခံတန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအားပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ကျွန်းစုမြို့နယ်ရှိ ရေလုပ်ငန်းနှင့်ရေထွက်ပစ္စည်းများကို တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်နေမှုများ၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထော်ကျေးရွာရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၏ ပုစွန်သားပေါက် စခန်းနှင့်ပုစွန်သားပေါက် မွေးကန်များတွင် ရက်သားအလိုက် ပုစွန်သားပေါက်မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကုမ္ပဏီတာဝန်ရှိသူများအား ပုစွန်သားပေါက်များကို ပြည်တွင်း၌ထုတ်လုပ်နိုင်သည်အထိကြိုးပမ်းကြရန်နှင့် ငါးပုစွန်များကိုဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးလာရေးအတွက် အသေးစားအငယ်စားမွေးမြူရေး တောင်သူများအား လက်တွဲခေါ်ယူပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပထော်ရေလှောင်တမံအတွင်း ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် မြန်မာ ဆိုလာပါဝါထရေးဒင်းကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ၃ ဒသမ ၇၇ မီဂါဝပ် ရေပေါ် ဆိုလာစနစ်လုပ်ငန်းစီမံကိန်း၏ ဆိုလာပြားတပ်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ရေပေါ်ဆိုလာစနစ်လုပ်ငန်းစီမံကိန်းသည် ပထော်ရေလှောင်တမံအတွင်း ရေပြင်အကျယ်အဝန်း ခုနစ်ဧကတွင် ဆိုလာအချပ်ရေ စုစုပေါင်း ၆၃၈၄ ချပ် တပ်ဆင်ဆောင်ရွက်ထားရှိပြီး ဆိုလာစွမ်းအင် ၃ ဒသမ ၇၇ မီဂါဝပ်ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ ၂၅၅ ကီလိုဝပ် ၁၂ လုံး တပ်ဆင်ထားရှိပြီးလာမည့် ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားထုတ်ယူ၍ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၏ အအေးခန်းစက်ရုံနှင့် စက်ရုံအလုပ်ရုံများ၊ မကြာမီတည်ဆောက်မည့် ဆီအုန်းဆီချောစက်ရုံ လည်ပတ်ရေးတို့အတွက် အသုံးပြုသွားမည်ဖြစ်သည့်အပြင် ပထော်၊ ပထက်ကျွန်းပေါ်ရှိ ဒေသခံပြည်သူများ လျှပ်စစ် မီးအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပထော်ကျွန်းပေါ်ရှိ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် ရက် ၈၀ သားရှိ မွေးပုစွန်များကန်ဖော်ဆယ်ယူ၍ အအေးခန်းစက်ရုံသို့ ပို့ဆောင်သည့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည့်များဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ယင်းနောက် ခေတ်မီအအေးခန်းစက်ရုံအတွင်း ရေငန်ပုစွန်များ၊ ကဏန်းပျော့များနှင့် ရေထွက်ကုန်များကို တန်ဖိုးမြင့်ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရန် ဆောင်ရွက်ထားရှိမှု၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၏ သုတေသန ရန်ပုံငွေဖြင့် မြိတ်နှင့် ကျွန်းစုဒေသတို့တွင် စီးပွားဖြစ် ကျယ်ပြန့်စွာမွေးမြူထုတ်လုပ်လျက်ရှိသော ငါးပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် ငါးပုစွန်ရောဂါစစ်ဆေး နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ငါးပုစွန်မွေးမြူရေးကန်များ ရေရှည်စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ထားရှိသည့် RT-PCR ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေါင်းကူးမော်ကျေးရွာရှိ ကောင်းကောင်းမွေးမြူရေးကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကတ္တလူကျေးရွာရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေး စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပုစွန်များ တိုးချဲ့မွေးမြူနိုင်ရေးအတွက် ပုစွန်ကန်အသစ်များ တူးဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ငါးပုစွန်မွေးမြူထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးနေမှု၊ မြေယာများအသုံးပြုရာတွင် တည်ဆဲမြေယာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ စံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရည်ကျွန်းရေပြင်တွင် ချင်းခရုမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆားကျွန်းအရှေ့ရေပြင်တွင် ယူနိုက်တက် (မြိတ်) ကေအမ်ကေကုမ္ပဏီ၏ ကျောက်ငါး၊ ကကတစ်ငါး မွေးမြူရေးဆောင်ရွက်နေမှု၊ မွေးမြူရေးသုတေသနဦးစီးဌာန၏ ကျောက်ငါးနှင့်ငါးပါးနီမျိုးသုတေသနငါးများ မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ ဝန်ထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။