အဓိကအကြောင်းအရာသို့ သွားမည်
x

ရေသယံဇာတသည် သဘာဝအရင်းအမြစ်တစ်ခုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးအသက်မွေးဝမ်းကျောင်းနှင့် သက်ရှိများအသက်ရှင်နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်

နေပြည်တော် မတ် ၂၂

ကမ္ဘာ့ရေနေ့ ၂၀၂၄ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တေးသံရှင်သန်းမြတ်စိုး၏ “တိမ်တမန် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

အမှာစကားပြောကြား

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရေသယံဇာတသည် သဘာဝအရင်းအမြစ်တစ်ခုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးအသက်မွေးဝမ်းကျောင်းနှင့် သက်ရှိများအသက်ရှင်နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ လုံခြုံဘေးကင်းသန့်ရှင်းသည့် ရေသည်ကျန်းမာရေးကို အထောက်အကူပြုရုံသာမက ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုကြောင်း၊ ထို့ကြောင့် လူတိုင်း ကျန်းမာသန်စွမ်းနေစေရေးသန့်ရှင်းသည့် သောက်သုံးရေရရှိရန် လိုအပ်ကြောင်း။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကိုစနစ်တကျ ချွေတာအသုံးပြုရန်နှင့် လူတိုင်းလုံခြုံဘေးကင်းသည့် သောက်သုံးရေရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် အနေဖြင့်နှစ်စဉ် မတ်လ ၂၂ ရက် နေ့ကို “ကမ္ဘာ့ရေနေ့ အဖြစ် သတ်မှတ်ပြီး ၁၉၉၃ ခုနှစ်မှစ၍ ကမ္ဘာ့ရေနေ့အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း၊ နှစ်အလိုက် ကမ္ဘာ့ရေနေ့ဆိုင်ရာ အထူးပြုအသိပေးလိုသည့် အဓိကအကြောင်းအရာ ဆောင်ပုဒ်များကို သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်ကမ္ဘာ့ရေနေ့ ၂၀၂၄ အတွက် ဆောင်ပုဒ်(Theme)မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး “Leveraging Water for Peace” ပင် ဖြစ်ကြောင်း။

ထိခိုက်မှုများဖြစ်ပေါ်

ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းသည် လူသားများရင်ဆိုင်နေရသည့် အရေးကြီးဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏အဆိုအရ လူဦးရေနှစ်ဘီလီယံကျော်သည် ဘေးကင်းသည့် သောက်သုံးရေမရရှိကြသည့်အပြင် လေးဘီလီယံကျော်သည်လည်း တစ်နှစ်အနည်းဆုံး တစ်လတာရေရှားပါးမှုခံစားနေကြရသည်ကို သိရှိရကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲလာမှုနှင့် လူသားများ၏ပယောဂများကြောင့် ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များ လျော့နည်းလာနေကြောင်း။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများ ဖုံးလွှမ်းလျက်ရှိသော်လည်း ကမ္ဘာ့ရေထုစုစုပေါင်း၏၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာဆားငန် ရေများဖြစ်ကြကြောင်း၊ ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ပြီး အဆိုပါရေချိုများ၏ ၆၈ ရာခိုင်နှုန်းသည်လည်း ရေခဲတောင်များ၊ ဝင်ရိုးစွန်းများနှင့်လေထုထဲတွင်မိုးတိမ်နှင့် ရေငွေ့များအဖြစ် တည်ရှိနေခြင်းကြောင့် အသုံးမပြုနိုင်ကြောင်း၊ မြေပြင်ပေါ်ရှိရေအားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်းကိုသာ သုံးစွဲနိုင်သည့်အတွက် အသုံးပြုနိုင်သည့်ပမာဏ အလွန်နည်းပါးသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်ကမ္ဘာပေါ်တွင် ရေချိုအရင်းအမြစ်များ အကန့်အသတ်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ လေ့လာမှုများအရ နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်း သည် မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်သည့်ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရကြောင်း၊ လူဦးရေ ၇၄ သန်းသည်လည်း တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာသည်ကိုတွေ့ရကြောင်း၊ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေ လိုအပ်ချက်သည် ၅၅ ရာခိုင်နှုန်း အထိတိုးတက်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားကြကြောင်း၊ ထို့ပြင် ကမ္ဘာ့လူဦးရေ၏တစ်ဝက် နီးပါးဖြစ်သည့် သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ်မရရှိသေးသည်ကို စစ်တမ်းများ၌ ဖော်ပြထားကြောင်း။

ထိရောက်စွာစီမံခန့်ခွဲ

မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့် ဥပဒေများဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေတိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။

ရေစီမံခန့်ခွဲမှုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ်ညမ်းမှုများကို တားဆီးရန်နှင့် ရေဆိုင်ရာပဋိပက္ခဖြေရှင်းရန် စသည့်ပန်းတိုင်များစွာကို ရောက်ရှိစေနိုင်မည့် အရေးကြီးသည့် အခြေခံခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတကာက ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို နမူနာယူပြီး မြန်မာနိုင်ငံအနေဖြင့် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍအားလုံးကိုလွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ တစ်ရပ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။

စိုက်ပျိုးရေပေးဝေမှု

မိမိတို့ နိုင်ငံတစ်ဝန်း၌ တည်ဆောက်ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၁၉ ခုရှိပြီး စိုက်ပျိုး ရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများတွင် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကမြစ်ကြီး ၄ စင်း ဖြစ် သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့် အခြားမြစ်ချောင်းများမှ ရေကိုစုပ်တင်ပြီး စိုက်ပျိုးရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၃၉၀ ရှိပြီး စိုက်ပျိုးရေပေးဝေနိုင် သည့် မြေဧရိယာဧက ခုနစ်သိန်း ငါးသောင်းနီးပါးရှိကြောင်း၊ ထို့အပြင် မြေအောက်ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်း ၁၄၉၈၉ ခုမှ စိုက်ပျိုးမြေဧရိယာဧက ကိုးသိန်းသုံးသောင်းနီးပါးကို ရေပေးဝေလျက်ရှိကြောင်း။

အကျိုးရှိစွာအသုံးချ

မိမိတို့နိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိနေသောကြောင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးသည် နိုင်ငံအတွက်အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်လာကြောင်း၊ အနာဂတ်ရေဖူလုံစေရေးအတွက် ရေစီမံအုပ်ချုပ်ရေးဟုခေါ်သည့် (Water Governance) လုပ်ငန်းများတွင် လူငယ်များ၏ပါဝင်မှုသည် လွန်စွာအရေးကြီးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှုအလေ့အကျင့် ကောင်းများရရှိစေရန် လူငယ်များကို အသိပညာပေးခြင်းသည် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိကြောင်း။

နောက်ထပ် အရေးကြီးသည့်အချက်မှာ ရေဆိုင်ရာအချက်အလက် (Data) များကို အခြေခံပြီးသိပ္ပံနည်းကျ ရေစီမံခန့်ခွဲမှုနည်းလမ်းများတွင် အသုံးချခြင်းဖြင့် လူသားနှင့်သက်ရှိများစွာအတွက် အလွန်အကျိုးရှိကြောင်း သုတေသနများစွာက သက်သေပြနိုင်သည်ကိုတွေ့ရှိရကြောင်း၊ ရေဆိုင်ရာသိပ္ပံနည်းကျသုတေသန လုပ်ငန်းများတွင်ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များ၏ သဘောသဘာဝများကို ပိုမိုနားလည်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ရေအရင်းအမြစ်များကို အသုံးချနိုင်ရန်နည်းလမ်းများ၊ ရေနှင့်ဆိုင်သည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်နိုင်မည့်နည်းလမ်းများကို ရှာဖွေရာတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက် များချမှတ်ခြင်း(Decision-Making) ပြုလုပ်ရာတွင်လည်းကောင်း ပိုမိုတိကျစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုမိမိတို့နိုင်ငံတွင်လည်း “ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်း ထားပြီးဖြစ်သဖြင့် ရေဆိုင်ရာအချက်အလက်များကိုစုစည်းကာ (Data Bank) တစ်ခု ဖြစ်ပေါ်လာရေးဆောင်ရွက်လျက်ရှိကြောင်း။

အလေးထားဆောင်ရွက်

ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်း အမှတ်ဆောင်ပုဒ်အတိုင်း “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး နိုင်ရေးအတွက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ ဥပဒေအားဖြင့်လည်းကောင်း၊ နည်းပညာအားဖြင့်လည်းကောင်း၊ အစွမ်းကုန်ထိန်းသိမ်းသွားရန်လိုအပ်ပြီး အမြော်အမြင်ရှိစွာဖြင့် စီမံခန့်ခွဲ ဆောင်ရွက်ပေးကြရန်၊ အနာဂတ်ရေဖူလုံစေရေး လူငယ်များ၏ပါဝင်မှုသည် အရေးကြီးသည့်အတွက် လူငယ်များကို လေ့ကျင့်ပျိုးထောင် ရေးကိုအလေးထားဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ လက်ရှိနှင့်အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံ၏ရေအရင်းအမြစ်များကို ရေရှည်တည်တံ့ပြီး မျှတစွာသုံးစွဲ နိုင်စေရန်၊ ရေအရင်းအမြစ်ကို ထိရောက်အကျိုးရှိစွာ ရေရှည် အသုံးပြုသွားနိုင်ရေး ရေဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍများတွင် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက “ကမ္ဘာ့ရေနေ့ ဂုဏ်ပြုတေးသီချင်း ဖြင့်ဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများတင်ဆက်ကြသည့် “မေတ္တာရေတစ်စက် ပြဇာတ်တို့ကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေတို့ကို ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ပြခန်းများအတွင်း ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။         

သတင်းစဉ်