အဓိကအကြောင်းအရာသို့ သွားမည်
x

နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

နို့စားနွားမွေးမြူထုတ်လုပ်ရေး

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးပြည့်မီသော နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် နို့စားနွားမွေးမြူထုတ်လုပ်ရေးတွင် ကြုံတွေ့ရလျက်ရှိသော စိန်ခေါ်မှုများအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ နို့စားနွားမွေးမြူသူများ၊ မွေးမြူ ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ မွေးမြူရေးပညာရှင်များ ဆွေးနွေးအဖြေရှာနိုင်ရန် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းကို လျာထားရန်ပုံငွေကျပ် ၃၂ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်လေးခုတို့တွင် ကနဦး ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဘီလီယံဖြင့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကနဦး ရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မျှဝေပေးခြင်းဖြင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မွေးမြူလာစေရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် နို့စားနွားမွေးမြူထုတ်လုပ်မှု သိသာစွာ ပြောင်းလဲတိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည့် ဆွေးနွေးချက်၊ သုံးသပ်အကြံပြုချက်များ ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီး ရှုထောင့်မျိုးစုံမှ ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများက နို့စားနွားမွေးမြူရေးအတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေး၊ ဒေသရာသီဥတုနှင့် လိုက်လျောညီထွေစွာ မွေးမြူနိုင်မည့် နို့စားနွားမျိုးများ အသုံးပြုနိုင်ရေး ဖြည့်စွက်ဆွေးနွေးမှာကြားပြီး နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

အကျိုးစီးပွားဖြစ်ထွန်းစေရေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာရင်းအချက်အလက်များအရ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်တန်ဖိုးရှိ နို့နှင့်နို့ထွက်ပစ္စည်း တန်ချိန် ၅၃၀၀၀ ကျော်ကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းခဲ့သဖြင့်ပြည်တွင်းစားသုံးမှုဖူလုံစေရေး၊ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူများအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဌာန၊ ပုဂ္ဂလိကနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။