၂၀၂၇ - ၂၀၂၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသသုတေသနဌာနများနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများအနေဖြင့် တောင်သူများ အသုံးပြုလျက်ရှိသည့် သီးနှံမျိုးများကို မျက်ခြည်မပြတ်လေ့လာ၍ လိုအပ်ချက်အလိုက် မျိုးမြှင့်ပေးခြင်းနှင့် မျိုးလဲလှယ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံအား ပုဂ္ဂလိကလုပ်ငန်းရှင်က ငှားရမ်း၍ တမာပိုးသတ်ဆေးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။
ထို့နောက် မကွေးမြို့နယ် မိကျောင်းရဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျေးရွာတောင်သူများကို ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ရွှေတောင် (၈) မျိုးသန့်ချည်မျှင်ရှည်ဝါ မျိုးစေ့များ၊ ဆင်းရွှေ ကြာ-၂ နေကြာ မျိုးစေ့များနှင့် စမုံနက် နှမ်းမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်ခြောက်ခု၏ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားပြီး နှစ်စဉ် တိုးတက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာ ဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧက အထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဇုန်အလိုက် တာဝန်ခံများ တာဝန်ပေးအပ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး၏ ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခုတွင် ဧက နှစ်သိန်း ခြောက်သောင်းကျော် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့်အခက်အခဲ၊ အဟန့်အတားများကို ဆက်စပ်ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
နှီးနှောဖလှယ်
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယနေ့တွေ့ဆုံပွဲတွင် ဝါသီးနှံထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကို နှီးနှောဖလှယ်ပြီး ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအဖြေရှာ ဖော်ထုတ်သွားကြစေလိုကြောင်း ပြောကြားကာစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်းဝါမျိုးများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံအရည်အသွေး၊ အထွက်နှုန်း၊ ဈေးကွက်အခြေအနေနှင့် တောင်သူများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေး သတိပြု ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဝါစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူများနှင့် ဝါစိုက်တောင်သူများက ဒေသ၏ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွေ့အကြုံများ၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ဖြေကြားဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။
အထွက်နှုန်းတိုးတက်ရေး
မကွေးတိုင်းဒေသကြီး၌ ဝါသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၇၂၇၉၃ ဧက၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ၂၁၇၄၁၆ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခု သတ်မှတ် ၍ ဧက ၂၆၆၈၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဧက ၃၅၀၀၀၀ အထိ စိုက်ပျိုးရန် ရည်မှန်းထားရှိကြောင်း၊ ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်မီသော သွင်းအားစုများ အပြည့်အဝအသုံးပြုခြင်းဖြင့် အထွက်နှုန်းတိုးတက်ပြီး ဝါအရည်အသွေးထုတ်လုပ်မှု တိုးတက်လာစေရန် ပြည်ထောင်စုဝန်ကြီးဌာန၏ အားပေးကူညီမှု၊ တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။