အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်

နေပြည်တော် မေ ၁၀

မြန်မာ့မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာလိုအပ်ချက်ပမာဏကို ပြည်တွင်းကုန်ကြမ်းဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းသည့် အစာကုန်ကြမ်းများ၏ အရည်အသွေး၊ ဈေးနှုန်းတို့နှင့် ယှဉ်ပြိုင်နိုင်မှုရှိစေရေး အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော “မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

တက်ရောက်ဆွေးနွေး

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ ဆက်စပ်အသင်းအဖွဲ့များ၊ မွေးမြူရေးအစာ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များနှင့် သုတေသီများ တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းအတွက် အစာကုန်ကြမ်း အမှန်တကယ်လိုအပ်မှုနှင့် ထုတ်လုပ်မှုအခြေအနေအမှန်ကို သိရှိနိုင်ရန်၊ ကုမ္ပဏီလုပ်ငန်းရှင်များ၏ မွေးမြူရေး အစာကုန်ကြမ်းတင်သွင်းမှု လက်ရှိအခြေအနေနှင့် ပြည်တွင်း၌ ထွက်ရှိသော ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မည်ဆိုပါက လုံလောက်မှုရှိ၊ မရှိ ဖော်ထုတ်နိုင်ရန်၊ မွေးမြူရေးအစာ ထုတ်လုပ်ရာတွင် အသားဓာတ်အရင်းအမြစ်အဖြစ် အသုံးပြုသည့် ဆီကြိတ်ဖတ်များ၏ ပြည်တွင်းထွက်ရှိမှုအခြေအနေနှင့် တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် သုံးစွဲရာတွင် သတ်မှတ်သင့်သည့် အရည်အသွေးစံနှုန်းများ ဆွေးနွေးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဆက်စပ်အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များ၊ သုတေသီများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ရည်ရွယ်ချက်ပါအတိုင်း အထောက်အကူဖြစ်စေမည့် အကြံဉာဏ်များ၊ လက်ရှိစိန်ခေါ်မှုများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ရှုထောင့်အမျိုးမျိုးမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြည်တွင်းမွေးမြူရေးအစာ လိုအပ်ချက်နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းမှုနှင့်အတူ ဆီစက်များမှ ထွက်ရှိလာသော ဆီကြိတ်ဖတ်များကို မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍ၌ အရည်အသွေးပြည့်မီ လုံလောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကတို့ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီမံဆောင်ရွက်မှုများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးသာမက ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်သော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးချက်များကို နိုင်ငံ့ဝန်ထမ်းများ အားလုံး စနစ်တကျ လေ့လာမှတ် သား လိုက်နာသွားရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံအကျဆုံးဖြစ်သည့်အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်း သိရှိထားရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်းမရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေရေးရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးနှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုင်ကြားစာကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်