အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြက်ဖမွေးဇောင်းရေငန်တား ကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဖျာပုံမြို့နယ် ကျုံကဒွန်းစိုက်ကွင်း၊ ကြက်ဖမွေးဇောင်း ရေငန်တားကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်မှုလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ကြက်ဖမွေးဇောင်း ရေငန်တားကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ ဆောင်ရွက်ခြင်းကြောင့် ဧက ၂၉၈၀၀ ခန့်အား စိုက်ပျိုးရေရရှိရေးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် နွေစပါး ဧက ၆၈၀၀ စိုက်ပျိုးလျက်ရှိကာ နွေစပါး ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား သွားရောက်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့တော်ခန်းမ၌ ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ စပါးအပါအဝင် ဆီထွက်သီးနှံစီမံကိန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေဧက၊ အထွက်နှုန်းဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်စပ်ဌာန တာဝန်ရှိသူများက ကွင်းဆင်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။