အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့််သုတေသနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန်ကလေးဥယျာဉ်ခြံသို့ရောက်ရှိရာ ခြံတာဝန်ခံက သစ်သီးဝလံစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် မျိုးကောင်း၊ မျိုးသန့်ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့် အော်ဂဲနစ် Organic ဆိုင်ရာ နည်းပညာများ ပြန့်ပွားရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြား၍ ဒူးရင်း၊ ကလော စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူက မော်လမြိုင် မြို့အနီးတွင် တည်ဆောက်မည့်နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအသစ်တည် ဆောက်ရေးစီမံကိန်းအတွက် ပင်မလေဆိပ်ဧရိယာ၊ ရေလွှဲတူးမြောင်းတူးဖော်ခြင်း၊ ကျေးလက်ရှောင်ကွင်း လမ်းနှင့်လေဆိပ်အဝင်လမ်းမကြီး ဖောက်လုပ်ခြင်းစသည့် စီမံကိန်းလုပ်ငန်းများ၏ မြေယာအသုံးချမှု၊ မြေယာလျော်ကြေးနစ်နာကြေးများ ပေးချေပြီးစီးမှု၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပြင်ဆင်ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သက်ဆိုင်ရာဌာနများ၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဧရိယာပါဝင်မှုအခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၏ ရော်ဘာမျိုးများ သုတေသနပြုဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး မျိုးကောင်းမျိုးသန့်ရော်ဘာ ဖူးဆက်ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးပေးရန်၊ ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန်သော ရော်ဘာမျိုးကောင်းမျိုးသန့်များ ပေါ်ထွက်လာစေရေး သုတေသနပြုဆောင်ရွက်ရန်၊ တောင်သူများနှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းနှင့်ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မုဒုံမြို့နယ်ရှိ အဇင်းရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့်စပါးသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် စိုက်ပျိုးဧရိယာများအတွက် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံ ရေရှည်အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးသည့်သီးနှံနှင့်ရေပေးဝေမှု ဟန်ချက်ညီဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြား၍ မုဒုံမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဇင်း(၂)ခြံတွင် ပြည်တွင်းပြည်ပ ဒူးရင်းသီးမျိုးများအား သုတေသနပြုစိုက်ပျိုးထားရှိမှုကို စစ်ဆေးကြည့်ရှုသည်။

ထို့ပြင် မွန်ပြည်နယ်မော်လမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံတွင် ဆောင်ရွက်လျက်ရှိသည့် ဖူးဆက်ရော်ဘာပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ရော်ဘာမျိုးကိုင်းပွားစိုက်ခင်းနှင့် ရော်ဘာသုတေသန လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆီအုန်းမျိုးသုတေ သနပြုဆောင်ရွက်နေမှုများနှင့် ရော်ဘာပင်များအကြား ကိုကိုးပင်များစမ်းသပ်စိုက်ပျိုးထားရှိမှုများကိုခြံတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေမြေဒေသနှင့်ကိုက်ညီပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော နှစ်ရှည်သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကကဏ္ဍမှလည်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနည်းပညာပေး၍ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။