အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးကူညီ

နေပြည်တော် ဇွန် ၁၈

စိုက်ပျိုး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်၌ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နမ့်စန်မြို့နယ် တောင်သူဦးဝင်းဇော်၏ မက္ကာဒေးမီးယား ကုန်ချောထုတ်စက်ရုံ၌ ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်ဆောင်ရွက်နေမှု၊ အချိုးကျငါးအစာဖော်စပ်ခြင်းနှင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အကြံပြုဆွေးနွေးပြော ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လွိုင်လင်ခရိုင် ပဲပုပ်စိုက်တောင်သူများနှင့်တွေ့ဆုံ၍ ရှမ်း ပြည်နယ်၏ ရေမြေရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့် ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရန် လိုအပ်ချက်များ၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးကို အထောက်အကူပြုနိုင်မှုနှင့် ပဲပုပ်ကြိတ်ဖတ်များကို တိရစ္ဆာန်အစာအဖြစ် သွင်းကုန်အစားထိုးအသုံးပြုနိုင်မှု၊ တောင်သူအကျိုးစီးပွား ဖြစ်ထွန်းနိုင်မှုတို့ကို ဆွေးနွေးပြောကြားပြီး တောင်သူများကို ဆီထွက်ပဲပုပ်မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်လင်ခရိုင်အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဘာသာရပ်အလိုက် စာပေသင်ကြားပို့ချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟိုပုံးမြို့နယ် ဖက်ရမ်းကျေးရွာအုပ်စုအနီးရှိ မွေးမြူရေးဇုန်လျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပေါင်လင်းကျေးရွာအုပ်စု လုံးတန်ကျေးရွာရှိ ရွှေထွန်းဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၁၀၀၀၀ မွေးမြူလုပ်ကိုင်နေမှုနှင့် ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့သို့ ကြက်ဥဖြန့်ဖြူးရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ဇီဝလုံခြုံမှုရှိစေရန်နှင့် စားသုံးသူဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ မွေးမြူရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။