အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် ဗီဒီယို Clip ပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေးဟူသော လူမှုရေးဦးတည်ချက်နှင့်အညီ နေပြည်တော်ကောင်စီအနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စများကို တစ်ဆက်တည်းလုပ်ဆောင်သွားရန် လိုအပ်လာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် “မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့သလို နေပြည်တော်အနေ ဖြင့် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ နေပြည်တော် စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအနေဖြင့် ဗဟိုကချမှတ်ထားသော လုပ်ငန်းစဉ် (၄)ရပ်ဖြစ်သည့် ရပ်နားထားသည့် စာကြည့်တိုက်များအား ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ စာကြည့်တိုက်အသစ်များ တည်ထောင်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ စာအုပ်စာစောင်များဖြန့်ဝေမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ချမှတ်ထားသည့်လုပ်ငန်းစဉ်များအရ  ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် နေပြည်တော်၊ မြို့တော်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာသင်ယူခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာ ဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနဲ့ အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကို အခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊  ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်  စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ လူငယ်များအတွက် စိတ်အားတက်ကြွဖွယ်ရာ Video Clip များဖြင့် ပြသဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့်ပတ်ဝန်းကျင်လူမှုဘဝအောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့် ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှု စွမ်းရည်မြှင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏ နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်းစသည့် စာပေအကျိုးကျေးဇူးများစွာ ရရှိကြမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်ကအားကိုးအားထားရသော သားကောင်းသမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း စာမတတ်သူကထိုင်နေတဲ့သူနှင့်တူပြီး စာတတ်ပြီးစာမဖတ်သည့် သူဟာ ရပ်နေတဲ့လူနှင့်တူကာ စာတတ်ပြီး စာဖတ်သည့် သူမှာလမ်းလျှောက်နေသည့်သူနှင့်တူသဖြင့် စာပေဖတ်ရှုလေ့လာမှုက ဘဝအတွက်အလွန်အရေးကြီးသည့် အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ထားကြရမှာဖြစ်ပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် စာပေပညာရှင် ဆရာဦးရဲမွန်ကျော်က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကျောက်စာများ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများနှင့် စာပေဆွေးနွေးပွဲ(Book Club) ဆွေးနွေးနေမှုများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား၊ကျောင်းသူများ မြှားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲစသည့် ပျော်ရွှင်ဖွယ်ဂိမ်းများကစားနေမှုများကို လှည့်လည် ကြည့်ရှု အားပေး သည်။

ထို့နောက် အဆိုပါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ စာပေဆိုင်ရာ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို သက်ဆိုင်ရာနေရာများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး  ဆုရရှိသူများကို မွန်းလွဲပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာတာဝန်ရှိသူများကဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။