အဓိကအကြောင်းအရာသို့ သွားမည်
x

မိတ္ထီလာလွင်ပြင် စိုက်ပျိုးရေရရှိရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု စက်ပစ်တောင်ကျေးရွာသို့ရောက်ရှိပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးသော နွေစပါးမျိုးစေ့ထုတ် ထိုင်းနှံကောက်မျိုး ဧက ၁၅၀ စိုက်ခင်း စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ ထမုန်ကန်အုပ်စုကွင်းအမှတ် (၇၄၀) တောင်သူ ဦးဇော်မင်း၏ ထိုင်းနှံကောက်မျိုး ခြောက်ဧကတွင် စံကွက်အစိုတင်း တစ်ဧကအထွက်နှုန်းတင်း ၁၃၀ နှင့် စံကွက်အခြောက်တင်း တစ်ဧကအထွက်နှုန်း ၁၂၅ တင်း ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေပိုမိုပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်နိုင်ရေး၊ ကျိုင်းခမ်းရေလှောင်တမံ၊ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့မှရေများကို ပို၍အကျိုးရှိအောင် အသုံးချနိုင်ရေး၊ စိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်ရေးအတွက် ကင်းတားလက်ဝဲမြောင်းမကြီး၏ လက်ဝဲဘက်ခြမ်း ရေသောက်ဧရိယာပြင်ပရှိ ကုန်းမြင့်စိုက်ပျိုးမြေများကို ရေတင်ပေးဝေနိုင်ရေး၊ မြေအောက်ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်သော စူးစမ်းလေ့လာတိုင်းတာမှုများ ဆောင်ရွက်ရေး၊ စိုက်ပျိုးဧကများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက်တည်ဆောက်ပြီး ရေလှောင်တမံများနှင့် ကန်များမှသိုလှောင်ရေများကို စနစ်တကျ စီမံခန့်ခွဲပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် စိုက်နည်းစနစ်များ၊ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကင်းတားလက်ဝဲမြောင်းရေသောက်စနစ် ဧရိယာပြင်ပတွင် စိုက်ဧကတိုးတက်စိုက်ပျိုးနိုင်ရေးအခြေအနေများ၊ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ဖြစ်နိုင်ခြေ ရှိ၊ မရှိ အသေးစိတ်တိုင်းတာနေမှုများနှင့် ရေတင်စနစ်ဖြင့် တိုက်ရိုက်ရေပေး၍ စိုက်ပျိုးနိုင်ရေးအတွက် လျာထားနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။