အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မြကန်သာရပ်ကွက်ရှိ မွေးမြူရေးတောင်သူဦးငြိမ်းချမ်းဦး၏ ဥစားကြက်မွေးမြူရေးခြံ၌ ကြက်ကောင်ရေ ၁၈၀၀၀ မွေးမြူထားရှိမှုနှင့် ကြက်ဥများ ဖြန့်ဖြူးပေးနေမှု၊ ကြက်ချေးကို သဘာဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးစီမံဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည်မြောင်းမြမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း မြကျွန်းရွှေဝါခန်းမ၌ကျင်းပသည့် အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။

တိုက်တွန်းပြောကြား

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့စိုက်ပျိုးရေးဒီပလိုမာဘွဲ့လက်မှတ်အပ်နှင်း ခြင်းခံရသည့် မောင်မယ်များအနေဖြင့် မိမိတို့ ကျွမ်းကျင်တတ်မြောက်ထားသည့် ပညာရပ်များကို တောင်သူလယ်သမားများ၏ လူနေမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး ဦးထိပ်ထား၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တန်းစဉ်ပေါင်းအမှတ်အများဆုံးဆုရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင်ပြီး စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်မြောင်းမြမြို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာန၏ ရေ၊ မြေ၊ ဒေသနှင့်သင့်တော်သည့် အထွက်နှုန်းကောင်းမွန်သော မိုးကောင်းသောက် လယ်စပါးမျိုးများ၊ ဆည်ရေသောက်စပါးမျိုးများ၊ အရည်အသွေးကောင်းစပါးမျိုးများ၊ ရေမြုပ်ခံစပါးမျိုးများနှင့် ဆားငန်ခံစပါးမျိုးများ မွေးမြူရွေးချယ်ထုတ်လုပ်နေမှု၊ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၊ စားဖို ဆောင်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများအတွက် မျိုးနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်နေမှု၊ မျိုးစပါးများစမ်းသပ်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သုတေသီများနှင့် တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ထို့အတူ မွေးမြူရေးသုတေသနဦးစီးဌာန ချောင်းသာမွေးမြူရေးသုတေသနစခန်း၏ ဒေသနှင့်ကိုက်ညီသည့် ရေငန်ငါး၊ ပုစွန်များမွေးမြူသုတေသနပြုခြင်း၊ တိုင်းရင်းရေငန်ငါး၊ ပုစွန်မျိုးစိတ်များကို မျိုးထိန်းသိမ်းရန်နှင့် အမြောက်အမြားမွေးမြူထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မျိုးငါး၊ ပုစွန်များကို အရည်အသွေးပြည့်မီစေရေး မွေးမြူထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သုတေသနနှင့် ဖွံ့ဖြိုးရေးတိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများစိုက်ပျိုး လျာထားဧကပြည့်မီရေးနှင့် မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။