အဓိကအကြောင်းအရာသို့ သွားမည်
x

ဝါအထွက်နှုန်းနှင့် ဝါဂွမ်းအရည်အသွေးကောင်းရရှိရေးအတွက် နည်းပညာအပါအဝင် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်း မြို့နယ်ကတင်ကျေးရွာ မိုးကြိုချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်၌ ဒေသခံဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဖိတ်ခေါ်ဆွေးနွေး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်သူနှင့်လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ဝါအထွက်နှုန်းနှင့် ဝါဂွမ်းအရည်အသွေးကောင်း ရရှိရေးအတွက် နည်းပညာအပါအဝင် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် A Grade, B Grade , C Grade စသဖြင့် ဝါဂွမ်းအရည် အသွေးအလိုက် ရောင်းဝယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပြီး ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ဝါဂွမ်းဈေးကွက် ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင်ကြရန် ဖိတ်ခေါ်ဆွေးနွေးသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဝါတစ်ဧကအတွင်းစိုက်ပျိုးရမည့် သတ်မှတ်အပင် အရေအတွက်နှင့်တစ်ပင်ချင်း၏ သီးလုံး အရေအတွက်ပေါ်မူတည်၍ ဝါထွက်ရှိမှုပမာဏ၊ အပင်သက်တမ်းအလိုက် စိုက်ပျိုးရေနှင့်ဓာတ်မြေဩဇာ စနစ်တကျထည့်သွင်းခြင်းဖြင့် အထွက်နှုန်းသာမက ဝါဂွမ်းမွှေးချည်မျှင်အရည်အသွေးအပေါ်သက်ရောက်မှု၊ မျိုးစေ့အသုံးပြုမှုဆိုင်ရာ ဂရုပြုရမည့် အချက်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခင်ဇော်က စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် သီးနှံအလိုက် စိုက်ပျိုးရေစီမံခန့်ခွဲမှု ဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုအားပေး

ယင်းနောက် ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များက လက်ရှိစိုက်ပျိုးထုတ်လုပ်မှုနှင့် သွင်းအားစုအပြည့်အဝအသုံးပြုနိုင်ရေး၊ ဝါဂွမ်းဈေးကွက် အလား အလာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သင့်တင့်မျှတသော ဓာတ်မြေဩဇာဈေးနှုန်းဖြင့် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး မိုးကြိုချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကတင်ကျေးရွာအနီး ရွှေဒါးချောင်းပေါ်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးဖော်အသုံးပြုခဲ့သည့် ကတင်ကန်ကို လည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီး စမုံချောင်းပေါ်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးဖော်အသုံးပြုခဲ့သည့် ကျောက်ဆည်ကန်၏ ရေဝင်ရောက်မှု၊ ကန်ပေါင်ကြံ့ခိုင်မှုနှင့် လယ်မြေဧက ၃၉၀၀ ကျော်ကို အကျိုးပြုနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးကကန်များ ရေရှည်တည်တံ့စေ ရေးအတွက် လိုအပ်သောပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

တွေ့ဆုံ

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရမည်းသင်းခရိုင်၏ ဝါစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဌာန၊ တောင်သူနှင့်လုပ်ငန်းရှင်များ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ v