အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စားသုံးဆီဖူလုံရေးနှင့် မွေးမြူရေးတိရစ္ဆာန်အစာကုန်ကြမ်း တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်သီးနှံစိုက်ပျိုးဧရိယာတိုးချဲ့နိုင်ရေး ဆွေးနွေးမှာကြား

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသုတေသနဌာနစု စမ်းသပ်ကွင်း၌ မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးထားသည့် ဆီထွက်ရာခိုင်နှုန်းကောင်းမွန်သော အလားအလာကောင်း ပဲပုပ်မျိုးလိုင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စားသုံးဆီဖူလုံရေးနှင့် မွေးမြူရေးတိရစ္ဆာန် အစာကုန်ကြမ်း တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် ပဲပုပ်သီးနှံစိုက်ပျိုး ဧရိယာတိုးချဲ့နိုင်ရေး၊ ပဲပုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ဖွံ့ဖြိုးရေး၊ ပဲပုပ်စိုက်တောင်သူများအတွက် စီးပွားရေးအရ တွက်ခြေကိုက်စေမည့် သီးနှံအထွက်ရရှိရေးနှင့် ဆီထွက်ရာခိုင်နှုန်း ကောင်းမွန်စေမည့် အရည်အသွေးပြည့်စုံသော ပဲပုပ်မျိုးများ သုတေသနပြု ထုတ်လုပ်နိုင်ရေးဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေး Plant Breeding ပိုင်းသည် အရေးကြီးသောကြောင့် သီးနှံအလိုက် ဝန်ထမ်းများကို တာဝန်ခွဲဝေပေးနိုင်ရေး၊ မျိုးဆက်သစ်ပညာရှင်များအနေဖြင့် မိမိတို့သင်ကြားခဲ့ရသော အတတ်ပညာနှင့် အတွေ့အကြုံများကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေးမှာကြားပြီး အပင်မျိုးဗီဇနှင့် မော်လီကျူလာနည်းပညာဖြင့် မျိုးမွေးမြူရေးသုတေသနဌာနစုတွင် ဗီဇအချက်အလက် နည်းပညာများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမွေးမြူရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း (RGBM Project) သုတေသနလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အော်ဂဲနစ်သုတေ သနဗဟိုဌာန၌ သုတေသနပြုဆောင်ရွက်လျက်ရှိသော အော်ဂဲနစ်ဟင်းသီးဟင်းရွက် သုတေသနများ စိုက်ပျိုးထားရှိမှု၊ တီမြေဆွေး၊ စွန့်ထုတ်ရည်သုတေသနဆောင်ရွက်ထားရှိမှု၊ သီးနှံစုံအော်ဂဲနစ်မျိုးစေ့များ ခင်းကျင်းပြသထားမှုများနှင့် ပြောင်းသီးနှံသုတေသနဌာန၌ အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော သက်လျင်နှင့်သက်လတ်ပြောင်းဖူး စပ်မျိုးသစ်များ မျိုးမွေးမြူရွေးချယ်ခြင်း အစီအစဉ်အရ စမ်းသပ်စိုက်ပျိုးထားသော မျိုး ၁၆၇ မျိုးအား စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။