အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ငါးလုပ်ငန်းစခန်း (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ငါးလုပ်ငန်းစခန်း (တွံတေး) နှင့် လှော်ကား ငါးလုပ်ငန်းစခန်းများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကန်၊ ချောင်း၊ သဘာဝရေပြင်များ၌ ငါးမျိုးစိုက်ထည့်မည့် ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော် လျာထားချက်ပြည့်မီရေးနှင့် ဒေသတွင်းငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီးသော အဆောက်အအုံများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည့် အဆောက်အအုံများနှင့် ပတ်သက်၍လည်းကောင်း၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှာကြားပြီး ပထမနှစ်တက်ရောက်သင်ယူလျက်ရှိကြသည့် ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ပြီးစာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ ကျောင်းသားအိပ်ဆောင် ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ တည်ဆောက်ရန် မြေပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များမှာကြားသည်။

ဇူလိုင် ၁၇ ရက်က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်းစခန်း၏ ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပငါးမျိုးသစ်များ စမ်းသပ်သားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များဖော်ထုတ်၍ သုတေသနပြုသားဖောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် သဘာဝရေပြင်များတွင် နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးခြင်းကို ချမှတ်ထားသောမူဝါဒနှင့်အညီ အလေးထားဆောင်ရွက်ရန်၊ ဒေသတွင်းရှင်သန်ဖြစ်ထွန်းပြီး ဈေးကွက်ရှိသော ငါးရံ့၊ ငါးဖားမမျိုးများအပါအဝင် အရည်အသွေးကောင်း ငါးသားပေါက်မျိုးကောင်း မျိုးသန့်များ တိုးတက်ဖြန့်ဖြူးထုတ်လုပ်ရန်၊ ငါးသားပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ အသိပညာပေးမှုများ မပျက်မကွက်ဆောင်ရွက်ရန်နှင့် ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများကို ငါးမွေးသူတောင်သူများကို တိုးမြှင့်သင်ကြားဖွင့်လှစ်ပေးနိုင်ရန် လိုအပ်ချက်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ငါးသားပေါက်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

လှော်ကားငါးလုပ်ငန်းစခန်းအနေဖြင့် တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း၊ ငါးမျိုးသစ်များပွားများပေးခြင်းနှင့် ငါးသားဖောက်ခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။