အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ဆီထွက်သီးနှံဆင်းရွှေကြာ မိုးနေကြာစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ သီးနှံများ၏ ဈေးကွက်အခွင့်အလမ်းကောင်းများ၊ စိုက်ပျိုးရေးသွင်းအားစုစရိတ် သက်သာစေမည့်နည်းလမ်းများ၊ အထွက်နှုန်းနှင့် သီးနှံအရည်အသွေးကောင်းမွန်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား၍ သွင်းအားစုမြေဩဇာများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းငါးသားဖောက်စခန်း၌ ကျင်းပသည့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ငါးမွေးကန် ၄၃၉ ဒသမ ၆ ဧက၌ ငါးမွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသရှိငါးမွေးမြူရေးလုပ်ငန်းအတွက် အရည်အသွေးကောင်းမွန်သော ငါးသားပေါက်များထုတ်လုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက နည်းပညာများပံ့ပိုးပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိသည့် စာတွေ့လက်တွေ့နည်းပညာများကို အသုံးပြု၍ ကိုယ်တိုင်မွေးမြူထုတ်လုပ်နိုင်ကြခြင်းဖြင့် ငါးမွေးတောင်သူမိသားစုများ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု တောက်ထိန်ကျေးရွာရှိ ပုဂ္ဂလိကဥစား ကြက်မွေးမြူရေးခြံ၏ ဥစားကြက်ကောင်ရေ ၆၀၀၀ မွေးမြူထားရှိမှုနှင့် ကြက်ဥဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးမှာကြားသည်။

ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီသည့် ဆီထွက်နေကြာ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ တောင်သူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံအထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများက နည်းပညာနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။