အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန အားကစားကွင်း၌ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်အပန်းပြေစေရေးနှင့် ဦးစီးဌာနများအကြား ရင်းနှီးချစ်ကြည်မှုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သကဲ့သို့ ထူးချွန်သူများကိုရွေးချယ်၍ ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ကျင်းပသည့် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်မှ ၂၇ရက်အထိ ရုံးအမှတ်ကိုယ်စားပြု အသင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုဖလားရရှိသည့် ရုံးအမှတ်(၃၆)အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆု၊ တတိယဆုနှင့်အခြားဆုများကို ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။