အဓိကအကြောင်းအရာသို့ သွားမည်
x

နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းသင်တန်းဖွင့်

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ချောင်းမကြီးမျိုးသန့်ခြံ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ရှိ မြို့နယ် ၁၂ မြို့နယ်မှ သင်တန်းသား တောင်သူလယ်သမားများ တက်ရောက်ကြသည်။

စိုက်ပျိုးရန်အသင့်တော်ဆုံးသီးနှံ

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတစ်ဝန်း၌ ရာသီဆီထွက်သီးနှံများကို နှစ်စဉ် ဧကရှစ်သန်းကျော်စိုက်ပျိုးလျက်ရှိရာ နှမ်းသီးနှံဧက လေးသန်းနီးပါး စိုက်ပျိုးလျက်ရှိသဖြင့် ဆီထွက်သီးနှံများအနက် အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် သီးနှံတစ်ခုအဖြစ် တွေ့ရှိရကြောင်း၊ နှမ်းသီးနှံစိုက်ပျိုးရန် တစ်ဧကအတွက် အသုံးပြုရသည့် မျိုးစေ့ပမာဏ နှစ်ပြည်သာ အသုံးပြုရပြီး မျိုးစေ့နှုန်းထား အနည်းဆုံးဖြစ်သည့်အပြင် နှမ်းတစ်တင်းမှ ဆီခြောက်ပိဿာထွက်ရှိသဖြင့် ဆီပါဝင်မှုရာခိုင်နှုန်း အများဆုံး ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ်ခြင်းအပြင် မြန်မာ့ရိုးရာ မုန့်ပဲသရေစာအမျိုးမျိုးတွင် အသုံးများပြီး ပြည်ပဈေးကွက်လည်း ရှိနေခြင်းကြောင့် ဆီထွက်သီးနှံများထဲတွင် စိုက်ပျိုးရန် အသင့်တော်ဆုံး သီးနှံဖြစ်ကြောင်း၊ ထို့ကြောင့် နှမ်းသီးနှံ အများဆုံးစိုက်ပျိုးကြသည့် ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၁၂ မြို့နယ်မှ တောင်သူများကို ဦးစားပေးဖိတ်ခေါ်၍ ယခုသင်တန်း ကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြေပဲတစ်ဧက ကျပ်သုံးသိန်းနှုန်း၊ နေကြာတစ်ဧကကျပ် နှစ်သိန်းနှုန်း၊ နှမ်းတစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းနှင့် ညီမျှသောသွင်းအားစုများထုတ်ပေးပြီး ဆီစက်လုပ်ငန်းရှင်များက သီးနှံများ ပြန်လည်ဝယ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့်စီမံကိန်း၏ လုပ်ငန်းစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်နှင့် မျိုးသန့်ခြံနှစ်ခြံတွင် နှမ်းသီးနှံဆိုင်ရာ သုတေသနစမ်းသပ်ကွက်များကို လေးရာသီ ဆောင်ရွက်ခဲ့ပြီး တောင်သူကွင်းသရုပ်ပြပွဲများကို ကျောက်ဆည်၊ ချောင်းမကြီးမျိုးသန့်ခြံ၊ မလှိုင်မျိုးသန့်ခြံနှင့် နတ်မောက်မြို့နယ်တို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယခုသင်တန်းတွင် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာများကို မျှဝေပေးသွားမည်ဖြစ်ပြီး နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ်နှင့်မျိုးစေ့ထုတ် သုတေသနစိုက်ကွင်းများကို လက်တွေ့လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် RS အဆင့် (မျိုးသန့်မျိုးပွားမျိုးစေ့) ဆင်းရတနာ ၁၄ နှမ်းမျိုးစေ့များကို တောင်သူများအား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီး ဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံများဖြစ်ကြသည့် ချောင်းမကြီးခြံနှင့် ပျော်ဘွယ်ခြံတို့ကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီပင်ခြံကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝါဂွမ်းချည်မျှင် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝါသီးနှံမျိုးသန့်များ စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေး၊ တောင်သူများအတွက် တွက်ခြေကိုက်ဝင်ငွေတိုးစေမည့် သီးနှံအထွက်ရရှိရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် မြေဆီဩဇာထက်သန်စေမည့် ဒေသပေါက်ပင်များ စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ချက်များ၊ မြေဆီလွှာကျန်းမာရေးအတွက် မြေလပ်မကျန် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများအား ပညာပေးစည်းရုံးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။