အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး ကြိုးပမ်း

အာဟာရပြည့်ဝသော စားရေရိက္ခာ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ငါးပုစွန်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လိုက်လျောညီထွေစွာ ဆောင်ရွက်

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ငါးပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံခြားငွေ တိုးတက်ရှာဖွေနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေးနှင့် GAqP ခေတ်မီနည်းပညာအသုံးပြု ငါးပုစွန်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ချက်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရေး လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်

ဆက်လက်၍ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေအား ငှားရမ်းဆောင်ရွက်လျက်ရှိသည့် First Golden Dragon Construction Co., Ltd သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက စီးပွားရေးဘက်စုံသုံး (Mixed Use Development Project) တည်ဆောက်နေမှု၊ ငါးလုပ်ငန်းဦးစီးဌာနအတွက် သုတေသနစင်တာ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ပုံစံငယ်များဖြင့် ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ရှိရင်းစွဲသဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို မထိခိုက်စေဘဲ သတ်မှတ်အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး ဆွေးနွေးမှာကြားပြီး သုတေသနစင်တာ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

တိကျစွာ လိုက်နာဆောင်ရွက်

ထို့နောက် Fisheries and Marine Products 2000 Limited ငါးအအေးခန်းစက်ရုံ၏ ရေထွက်ပစ္စည်းများအား HACCP စနစ်နှင့်အညီ ဆောင်ရွက်နေမှု၊ အေးခဲပြုပြင်ထားသော ငါးပုစွန်များကို Saudi, Qatar, Kuwait, India, UAE, USA, Bahrain နိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စက်ရုံအတွင်း သန့်ရှင်းရေး၊ ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည့် စည်းမျည်းစည်းကမ်းချက်များနှင့်အညီ ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှုလုပ်ငန်းစဉ်များ တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။