အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (CPU)အဖွဲ့၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များညှိနှိုင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန(CPU)အဖွဲ့၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စီမံဆောင်ရွက်ပေးရန်လိုအပ်

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(CPU)အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရန်အတွက် ဌာနအလိုက် ဝန်ထမ်းများသက်သာချောင်ချိရေး၊ ရုံးပတ်ဝန်းကျင်နှင့် ရုံးခန်းများ သန့်ရှင်းသပ်ရပ်ပြီး ရုံးသုံးပစ္စည်းများ ပြည့်စုံကောင်းမွန်စေရေး၊ နိုင်ငံ့ဝန်ထမ်းစည်းကမ်း သတ်မှတ်ချက်များနှင့်ညီညွတ်သော ဝန်ထမ်းများကို ရာထူးနေရာ လစ်လပ်မှုအပေါ်မူတည်၍ ရသင့်ရထိုက်သည့် အချိန်အခါများတွင် စီမံဆောင်ရွက်ပေးခြင်းတို့ဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်၌ ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။

အဂတိလိုက်စားမှုနှင့် အခြားသောဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် အထက်အောက် ဆင့်ကဲဆင့်ကဲ အသိပညာများပေးခြင်း ၊ ဝန်ထမ်းအချင်းချင်း အသိပေးထိန်းသိမ်းခြင်းဖြင့် မိမိတို့တစ်ဦးချင်းနှင့်ဌာန၏ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (CPU)အဖွဲ့၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။