အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း ယာယီဖြစ်ပေါ်ခဲ့

နေပြည်တော် ကောင်စီနယ်မြေအတွင်း ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဒေသတွင်းရှိ ချောင်းမြောင်းများ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါချောင်းများ ဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ရေပြည့်ရန် နှစ်ပေခန့်လို

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့တွင်း ငလိုက်ချောင်းနှင့် ဆင်သေချောင်းတစ်လျှောက်ရေစီးဆင်းမှု၊ ချောင်းဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးမှုများအရ ငလိုက်ရေလှောင်တမံသည် ကန်ရေပြည့်သို့ ရောက်ရှိရန် နှစ်ပေခန့်လိုအပ်နေသေးကြောင်း သိရှိရပြီး ငလိုက်ချောင်းအတွင်း တိုက်ရိုက်စီးဝင်သည့် တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်းများမှ ရေစီးဆင်းမှုများပြားခြင်းကြောင့် ငလိုက်ချောင်း အောက်ပိုင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ချောင်းဧရိယာအတွင်းရှိ လူနေအိမ်အချို့တွင် ရေဝင်ရောက်နစ်မြုပ်ခြင်းသာဖြစ်သည်။

ရေကျော်စီးဆင်းခြင်းမဟုတ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ဆင်သေချောင်းအပါအဝင် အခြားချောင်းငယ်များတွင်လည်း ရေစီးဆင်းမှုများပြားကြောင်းသိရှိရပြီး အဆိုပါရေစီးဆင်းမှုများမှာ ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းခြင်းကြောင့် မဟုတ်ဘဲ ဩဂုတ် ၂၃ ရက်၌ ဥတ္တရသီရိမြို့နယ်တွင် ၄ ဒသမ ၈၈ လက်မ၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄ ဒသမ ၃၃ လက်မနှင့် အခြားမြို့နယ်များအတွင်း မိုးသည်းထန်ပျံ့နှံ့စွာ ရွာသွန်းခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း၊ နေပြည်တော်ဧရိယာရှိ အဓိကရေလှောင်တမံများဖြစ်သည့် ငလိုက်ရေလှောင်တမံတွင် ကန်ရေပြည့်ရန် နှစ်ပေခန့်၊ ဆင်သေရေလှောင်တမံတွင် ၂၂ ပေ ခန့်နှင့် ရေဆင်းရေလှောင်တမံတွင် ၁၃ ပေခန့်လိုနေပြီး ပေါင်းလောင်းရေလှောင်တမံတွင်သာ ရေပိုလွှဲမှ ငါးပေခန့်ရေကျော် စီးဆင်းလျက်ရှိကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်လျက်ရှိသည့် ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲမှ ရေကျော်စီးဆင်းလာသောရေများသည့် ပေါင်းလောင်းချောင်းမှ စစ်တောင်းမြစ်အတွင်းသို့ ပုံမှန်စီးဆင်းလျက်ရှိသဖြင့် ဒေသ၏ရေကြီးရေလျှံမှု ဖြစ်ပေါ် ရန်မရှိကြောင်း။

ယာယီရေကြီးရေလျှံမှုဖြစ်ပေါ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယမန်နေ့ညနေပိုင်းနှင့် ညပိုင်းတွင် သည်းထန်ပျံ့နှံ့စွာရွာသွန်းခဲ့သည့် မိုးရေများ စီးဝင်မှုမှတစ်ဆင့် ချောင်းမြောင်းများ ယာယီရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါရေများ ပြန်လည်လျော့ကျလာလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေလှောင်တမံများ အားလုံးကြံ့ခိုင်မှုကောင်းမွန်ပြီး စိုးရိမ်ရန်အခြေအနေမရှိကြောင်း သိရသည်။