အဓိကအကြောင်းအရာသို့ သွားမည်
x

ဆီထွက်သီးနှံနှင့် အသားကဏ္ဍအပါအဝင် တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာပိုလျှံရေး တွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ စီမံကိန်းလုပ်ငန်းများ၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ တစ်ဧကချင်း၏ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် ပုသိမ်ကြီးမြို့နယ် ကုလားမတောင်ကျေးရွာရှိ ရွှေအိုးနို့စားနွားမွေးမြူရေးခြံတွင် ဖရီရှန်၊ ဂျာစီ၊ ကီဝီ နွားကောင်ရေ ၂၀၀ မွေးမြူ ထားရှိမှုနှင့် နွားနို့၊ နို့သာကူ၊ ဒိန်ချဉ်၊ နို့ခဲ၊ ထောပတ်၊ နို့ပူတင်း၊ ချိစ်အမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ရောက်ရှိပြီး ပုသိမ်ကြီး၊ ရွှေဘို၊ လုံပိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များအဖြစ် ကြိုးပမ်းအားထုတ်ကြရန်နှင့် နည်းပညာအတတ် ပညာများသာမက အသိပညာနှင့် တွေးခေါ်မြော်မြင် နိုင်စွမ်းမြင့်မားရေးကိုပါ လေ့လာသင်ယူကြရန် အားပေးပြောကြားပြီး ကျောင်းသား ကျောင်းသူများကို အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ ဝက်၊ ဆိတ်နှင့် ဥစားကြက် သရုပ်ပြမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ ကျောင်းသား အိပ်ဆောင်များ၊ ထမင်းစားဆောင်၊ စားဖိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အောင်မြေသာစံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန သရက်ကုန်းငါးစခန်းနှင့် မွေးမြူရေး သုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း (မန္တလေး) သို့ ရောက်ရှိရာ သရက်ကုန်းငါးစခန်းတာဝန်ခံက ငါးမျိုးသားဖောက်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဆေးထိုးသားဖောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ မွေးမြူရေးသုတေသနစခန်း(မန္တလေး) တာဝန်ခံက မွေးမြူရေးသုတေသနဦးစီးဌာနတွင် ရေနေသတ္တဝါဆိုင်ရာ ရေငန်ငါး /ပုစွန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မွေးမြူရေးရေလုပ်ငန်းသုတေသန ဆိုင်ရာမူဝါဒများ အကောင်အထည်ဖော်နိုင်ရေး၊ မွေးမြူရေးသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားပြီး သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။