အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဇော်ဂျီမြစ်ပေါ်ရှိ မြို့ကြီးရေလှောင်တမံနှင့် ရေလွှဲဆည်၊ ရေထိန်းဆည်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံသို့သွားရောက်ပြီး ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရန်နှင့် ဇော်ဂျီရေသောက်စနစ်အတွင်းရှိ မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် လုံလောက်သည့်ရေပမာဏ သိုလှောင်ထားရှိရေး စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့ကြီးရေလွှဲဆည်၏ အောက်ပိုင်းတူးမြောင်းပေါင် ကာကွယ်ထားသည့် ကျောက်ကြီးစီလိုင်နင် ရေတိုက်စားခဲ့မှု အခြေအနေကိုလည်းကောင်း၊ တူးမြောင်းအတွင်း ရေကျော်ကျစီးဆင်းမှု မဖြစ်ပေါ်စေရေးအတွက် ရေလွှဲဆည်၏လိုအပ်သည့် ရေကာနံရံ အမြင့်ဆောင်ရွက်နိုင်ရေးနှင့် ရေတံခါး၊ ရေလွှဲဆည်ကြံ့ခိုင်မှု အခြေအနေများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်း ဇော်ဂျီမြစ်ပေါ်တွင်တည်ရှိသည့် မင်းရဲရေလွှဲဆည်ကြံ့ခိုင်မှုနှင့် ရေဖြတ်သန်းစီးဆင်း နေမှုအခြေအနေများကိုလည်းကောင်း၊ ဇီးတောရေလွှဲဆည်၏ ရေတံခါးကြံ့ခိုင်မှု အခြေအနေများနှင့် ဇော်ဂျီရေထိန်းဆည် ရေဝင်ရောက်မှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီ အချိန်မီစိုက်ပျိုးနိုင်ရေး၊ ရေကြီးရေလွှမ်းပြီးနောက်ပိုင်း သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများပံ့ပိုးပေးရန်၊ ရေကျော်ကျမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်တူးမြောင်း ရေသောက်စနစ်များ အချိန်မီပြုပြင်ဆောင်ရွက်နိုင်ရေး၊ ပျက်စီးမှုမရှိသည့် မိုးစပါးစိုက်ပျိုးဧကများ စိုက်ပျိုးရေပေးဝေနိုင်ရေးနှင့် နွေစပါးစိုက်ဧက တိုးချဲ့နိုင်ရေးအတွက် ရေပိုမိုသိုလှောင်ထား ရှိရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြစ်သားမြို့အနီး ပန်းလောင်မြစ်ပေါ်တွင် တည်ရှိသည့် စမာရေလွှဲဆည်အနီး ရေတိုက်စားမှုကြောင့် မြေသားဖြင့် ကာကွယ်ထားသည့် ရေတားတာပေါင် ပြုပြင်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။