အဓိကအကြောင်းအရာသို့ သွားမည်
x

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူများနှင့် နည်းပညာ နှီးနှောဖလှယ်ပွဲ ကျင်းပ

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစိုက်ပျိုးသူတောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ကျင်းပပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သီးနှံမျိုးနှင့်ပတ်သက်သော ပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များနှင့် စက်မှုလယ်ယာကဏ္ဍပညာရှင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ ဝါစိုက်တောင်သူများတက်ရောက်ကြကာ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပညာရှင်များနှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး ကြသည်။

နှီးနှောဖလှယ်ပွဲတွင် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးမှုအတွက် ဧက ၅၆၅၀၀၀ လျာထားပြီး ၉၁ ဒသမ ၃၁ ရာခိုင်နှုန်း အောင်မြင်ကာ ဝါပိဿာ ၂၄၄ သန်း ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၆၁၂၇၁၂ ဧက စိုက်ပျိုးရန်ရည်မှန်းထားပြီး စက်တင်ဘာ ၃၀ ရက် အထိ ၈၂ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဝါသီးနှံတစ်ဧကအထွက် တိုးမြှင့်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခု၌ ဝါသီးနှံဇုန် ၁၄ ဇုန် ဖွဲ့စည်းထားပြီးဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါသီးနှံတစ်ဧကအထွက် တိုးမြှင့်ရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် အရည်အသွေးကောင်းမျိုး ထုတ်လုပ်ဖြန့်ဖြူးရေးသည် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရန် လက်ရှိဝါမျိုးစေ့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ပုဂ္ဂလိကဝါကြိတ်စက် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များက ဝါသီးနှံတစ်ဧက အထွက်နှုန်းတိုးတက်ရေး လိုက်နာဆောင် ရွက်ရမည့်နည်းစနစ်များ၊ ဝါသီးနှံအထွက်နှုန်း တိုးတက် ရရှိရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြပြီး သီးနှံမျိုး၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာ၊ စက်မှုကဏ္ဍ၊ လယ်ယာမြေစသည့်ကဏ္ဍတစ်ခုချင်းစီအလိုက် အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆာလ်ဖျူရစ်အက်စစ်ကို အသုံးပြုကာဂွမ်းမွေးတိုများကိုဖယ်ရှား၍ မျိုးစေ့လုံးချောထုတ်လုပ်ခြင်းနည်းပညာကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သတင်းရရှိသည်။