အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး (Farmers’ Participatory Seed Production For Oilseeds Crops and Value Chain Development)” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ တောင်သူများ က Zoom points ၄၀ မှ Online စနစ်ဖြင့် တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီထုတ်လုပ်မှုတိုးတက်ရေးကို အားပေးမြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသူ တောင်သူများကို မြေပဲတစ်ဧကလျှင် ကျပ် သုံးသိန်း၊ နေကြာတစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် နှမ်းတစ်ဧကလျှင် ကျပ် ၁ ဒသမ ၅ သိန်းနှင့်ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးဆီထုတ်လုပ်ရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းစသည့် ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၃၉ သန်းလျာထားပြီး စုစုပေါင်းတင်း ၂၄၅ ဒသမ ၁ သန်း ထွက်ရှိရန် ခန့်မှန်းထားရှိပါကြောင်း။

တစ်ဖက်တွင်လည်း ထွက်ရှိလာသော ဆီထွက်သီးနှံကုန်ကြမ်းများကို ကြိတ်ခွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော ဆီစက်ပေါင်း ၂၂၈၇ လုံးခန့် ရှိသည်ဟု သိရှိရပါကြောင်း၊ အဆိုပါဆီစက်များ၏ ကြိတ်ခွဲနိုင်မှုစွမ်းအားသည် တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းကျော်ရှိသဖြင့် ကုန်ကြမ်းများရရှိအောင် စိုက်ပျိုးထုတ်လုပ်ပေးရန် လိုအပ်သကဲ့သို့ ဆီစက်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အလုပ်ရုံဆွေးနွေး ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာန ပညာရှင်များက ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးတွင် ကြုံတွေ့ရသောအခက်အခဲများနှင့် ဆောင်ရွက်ရမည့်အချက်များ၊ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်ကို လေ့လာသုံးသပ်ခြင်း၊ တောင်သူများ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်လိုသော သဘောထားကို လေ့လာဆန်းစစ်ခြင်း၊ ဆီထွက်သီးနှံများ၏ အရည်အသွေးသတ်မှတ်ချက်များ၊ ပြည်တွင်း၊ ပြည်ပတင်ပို့ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် အရည်အသွေးသတ်မှတ်ချက်များကို ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆီထွက်သီးနှံများ ပြည်ပတင်ပို့မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်က ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ စားပွဲဝိုင်းဆွေးနွေးခြင်းအစီအစဉ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး၊ ဆီထွက်သီးနှံများ ဝယ်ယူရေး၊ ကြိတ်ခွဲရေးနှင့် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး (Contract Farming) အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့် ကိုက်ညီမှုရှိစေမည့်အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စားပွဲဝိုင်းရလဒ်များအပေါ် အကြံပြုဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။