အဓိကအကြောင်းအရာသို့ သွားမည်
x

(၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၈

(၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က တောင်သူကြီးများအနေဖြင့် ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များကြောင့် ပြောင်းလဲစိုက်ပျိုးသင့်သည့် သီးနှံမျိုးနှင့် စိုက်စနစ်များကိုလည်း မျက်ခြည်မပြတ်အောင် ပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့်လည်း တောင်သူလိုအပ်ချက်များကိုအမြဲရင်းနှီးကျွမ်းဝင်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ တောင်သူအခက်အခဲနှင့် လိုအပ်ချက်အပေါ် ထိရောက်စွာကူညီဖြေရှင်းပေးနိုင်မည့်နည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာအောင်ကျော်သူက ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဂေဟဇုန်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများသောဒေသများ၊ မြန်မာနိုင်ငံတွင်ကျရောက်ခဲ့သော မုန်တိုင်းများ၊ ရေကြီးမှုနှင့်ခြောက်သွေ့မှုဖြစ်စဉ်များ၊ ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ၊ ရာသီဥတုနှင့်လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုပုံစံတို့ကို ဆွေးနွေးတင်ပြပြီး တောင်သူများမေးမြန်းမှုကို အသေးစိတ်ဖြေကြားဆွေးနွေးကာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးသည်။

ယနေ့ကျင်းပသည့် (၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များ၊ ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက Zoom point ၄၄ point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။