အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ) နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၉

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (မြောင်းမြ) ၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ဆရာဆရာမများ၊ ဒီပလိုမာလက်မှတ်အပ်နှင်းခံရသည့် ကျောင်းသားကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြား၍ သင်တန်းထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (မြောင်းမြ) ကျောင်းအုပ် ဆရာမကြီးက ကျောင်းသားကျောင်းသူများထံ စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်များပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် စမ်းချောင်းကျေးရွာရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ၌ ကျွဲကောင်ရေ ၆၉ ကောင်မွေးမြူထားရှိမှု၊ ကျွဲမွေးမြူရေး သုတေသနပြုဆောင်ရွက်နေမှု၊ နေဗီယာ၊ အက်ထရာတန်၊ ဟာမစ်တာ၊ မွန်ဘားဆားနှင့် ဘော့စကိုင်း စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ရှုခင်းသာကျေးရွာရှိ မွေးမြူရေးတောင်သူဦးမြင့်အောင် ဥစားကြက် မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၆၆၀၀၀ မွေးမြူထားရှိ မှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး တိရစ္ဆာန်ဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျောင်းသုံးစာအုပ်နှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြောင်းမြဂုန်နီစက်ရုံအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်လယ်ယာကဏ္ဍအခြေခံစက်ရုံများ၊ လယ်ယာပို့ကုန်တန်ဖိုးမြှင့် စက်ရုံများ တည်ထောင်ရင်းနှီးမြှုပ်နှံခြင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ငှားရမ်းထားသည့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO) သို့ ရောက်ရှိပြီး ဆန်စပါးနှင့် လယ်ယာသီးနှံ အခြောက်ခံခြင်း၊ သိုလှောင်သန့်စင်စက်ရုံနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းတည်ဆောက်နေမှုနှင့် လျှော်ရွေးလျှော်ထုတ်စက်ရုံ ထိန်းသိမ်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် မြောင်းမြ မြို့နယ် ကျုံခါးကျေးရွာ တောင်သူဦးသိန်းဆိုင်ထွန်း၏ အောင်နိုင်တိုး စပါးမျိုးစံပြစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ တောင်သူဦးသိန်း ဆိုင်ထွန်း၏ ရေဆင်းပေါ်ဆန်း(၂) စံပြစိုက်ခင်း ကောက်စိုက်နေမှုနှင့် ကန်ကြီးထောင့်မြို့နယ် ကျုံကြီးကျေးရွာအုပ်စုညောင် ချောင်းကျေးရွာ မွေးမြူရေးတောင်သူဦးခင်အောင်၏ ဘဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။