ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နွေစပါးအပါအဝင် အခြားသီးနှံများ လျာထားဧကပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါ အထူးဇုန်စိုက်ခင်းတွင် ရေစီးအားသုံးရေတင်ဒလက်ဖြင့် ရေပေးဝေနေမှုကိုလည်းကောင်း၊ ကံစုကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါအထူးဇုန် ဧက ၇၀၀ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ မြောက်နဝင်း ဆည်ရေသောက်စနစ်အတွင်း နတ်တလင်းကျေးရွာအနီး နွေစပါး တိုးချဲ့စိုက်ပျိုးမည့်နေရာနှင့် ပြည်မြို့နယ်ငါးရွာအုပ်စုရှိ ၂၀၂၄ -၂၀၂၅ ခုနှစ် ဆောင်းနေကြာ ရုရှားမျိုးကိုးမျိုးပါဝင်သည့် မျိုးပေါင်း ၁၂ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဝါသီးနှံသည်ဖြည့်စွက် ရေပေးဝေပါက ပိုမိုအထွက်ကောင်းသည့်အတွက် ဆည်ရေသောက် ဧရိယာများအတွင်း ဖြည့်စွက်ရေပေးဝေနိုင်ရေး၊ ဆည်ရေသောက်ဧရိယာများနှင့်ကပ်လျက်ရှိသော ဝါစိုက်ခင်းများကိုလည်း ဖြည့်စွက်ရေ တိုးချဲ့ပေးဝေနိုင်ရေး၊ သဘာဝချောင်းမြောင်းများမှ ရေတင်ပေးဝေနိုင်ရေး၊ ရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်ကြရေးနှင့် အထွက်နှုန်းကောင်း၍ မျိုးကောင်းမျိုးသန့်ဖြစ်သည့် အောင်နိုင်တိုးစပါးမျိုးများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုစိုက်ပျိုးရေး ဆွေးနွေးပြောကြားပြီး ဝါစိုက် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင်သုံးဆယ်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက သာယာဝတီခရိုင်အတွင်းရှိ လက်ရှိစိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်ရေသောက်စနစ်အတွင်း ယခုနှစ် နွေစပါးနှင့်အခြားသီးနှံလျာထား စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးရေပေးဝေရန်၊ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျအကျိုးရှိစွာ ချွေတာအသုံးပြုနိုင်ရေးအတွက် တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများကို ပြုပြင်မွမ်းမံထိန်းသိမ်းကြရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်