အဓိကအကြောင်းအရာသို့ သွားမည်
x

ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေးဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းကြရန် လိုအပ်

နေပြည်တော် ဇန်နဝါရီ ၂၄

မွေးမြူရေးကို အခြေခံသည့် အသားငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကြူဝန်းအသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်သရုပ်ပြခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စဉ် တိုင်းဒေသကြီး တာဝန်ခံနှင့် ခြံတာဝန်ခံတို့က မျိုးရည်ခဲချောင်းထုတ်လုပ်နိုင်သော F2 ဘရာမင် အသားတိုးမျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ အသားတိုးနွားမွေးမြူရေးဆိုင်ရာနည်းပညာများ ဖြန့်ဖြူးပေးနိုင်မှုနှင့် အသားတိုးနွားနှင့် မွေးနွားမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မွေးမြူရေးတိရစ္ဆာန်၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှုအရည်အသွေးများသည် ယင်းတို့ကို ကျွေးမွေးသည့် အစာအာဟာရအပေါ် များစွာတည်မီနေသဖြင့် ဒေသနှင့်ကိုက်ညီဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များနှင့် အစာပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုများအပါအဝင် တိရစ္ဆာန်အစာနှင့် သက်ဆိုင်သော သုတေသနများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူအကျိုးရှိစေမည့်  F2     အမများကို ၁၀၀ ရာခိုင်နှုန်းဘရာမင်မျိုးရည်ခဲချောင်းဖြင့် မျိုးမြှင့်သားစပ်ပြီး ဘရာမင်မျိုး ၈၇ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်သော အသားတိုးနွားမျိုးသစ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားပြီး မွေးမြူရေးခြံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ် မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း(မန္တလေး)သို့ သွားရောက်၍ မျိုးငါးများ ပြုစုထားရှိမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေး၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီသည် ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းထွန်း(ခ)ဦးကျောက်ဆီထင်၏ ဥစားကြက်ကောင်ရေ ၁၀၀၀၀၀ မွေးမြူထားသည့် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။