အဓိကအကြောင်းအရာသို့ သွားမည်
x

တွံတေးမွေးမြူရေးဇုန်၌ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှုအားကောင်းစေရေး မျှော်မှန်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ခံများက မွေးမြူရေးဇုန် အပိုင်း (၁) အတွင်း မွေးမြူရေးလုပ်ငန်းရှင် ၂၁ ဦး၊ ဇုန်အပိုင်း (၂) တွင် မွေးမြူရေးလုပ်ငန်းရှင် ၂၀၊ ဇုန် အပိုင်း (၃) တွင် မွေးမြူရေးလုပ်ငန်းရှင် ၅၁ ဦးတို့က အသားတိုးကြက်၊ ဥစားကြက်၊ တိုင်းရင်းကြက်၊ ဆိတ်၊ ငုံး၊ အသားတိုးဝက်၊ နို့စားနွားနှင့် ဒေသနွားမျိုး များ မွေးမြူထားရှိမှုအခြေအနေများကို လည်း ကောင်း၊ Universal Diamond Co.,Ltd မှ နို့စား နွားမွေးမြူထားရှိမှုနှင့် BOSS ဒိန်ချဉ်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေး တောင်သူများ၊ မွေးမြူရေးအစားအစာ ထုတ်လုပ်သူများက လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်လိုအပ်ကြောင်း၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်တစ်လျှောက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ် နိုင်စေရန်ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် မွေးမြူရေးဇုန်အတွင်း မွေးမြူရေးတောင်သူများ၏ ငုံးများမွေးမြူထားရှိမှုနှင့် ငုံးမွေးမြူ ရေးအဆောင်သစ်ဆောက်လုပ်နေမှု၊ အသားတိုးဝက်နှင့် အသားစားကြက်များ မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်လျက်ရှိသည့် ကျောင်းသားအိပ်ဆောင်များ၊ ရေချိုပုစွန်သားဖောက်ရုံ တည်ဆောက်နေမှု၊ ငါးခုံးမကြီး၊ ငါးတံခွန်၊ ရွှေဝါ ငါးကြင်းနှင့် ရောင်စုံငါးကြင်းများ သားဖောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။