အဓိကအကြောင်းအရာသို့ သွားမည်
x

တိရစ္ဆာန်ဆေးပညာသင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိရစ္ဆာန်ဆေးပညာ သင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ညစာစားပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ အဆိုပါရှေးဟောင်းအဆောက်အအုံကြီးတွင် ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် အဖွဲ့အစည်းများမှ တာဝန်ထမ်းဆောင်ကြသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရာပြည့်အထိမ်းအမှတ်ပြခန်းများကို လိုက်လံကြည့်ရှုအားပေး သည်။

နှစ်ပေါင်းများစွာ ထိန်းသိမ်းရမည်

ထို့နောက် ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နှစ်ပေါင်း(၁၀၀)ကြာမြင့်ခဲ့ပြီဖြစ်သည့် ရှေးဟောင်းအဆောက်အအုံကြီးမှ တိရစ္ဆာန်ဆေးပညာရပ်ကို လက်ဆင့်ကမ်း သယ်ဆောင် ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီးကို ဂုဏ်ပြုပါကြောင်း၊ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၈၇၀ ပြည့်နှစ်များမှ အစပြုရောက်ရှိလာခြင်းဟု မှတ်သားရပါကြောင်း၊ အင်္ဂလိပ်စစ်တပ်တွင်ပါလာသည့် မြင်း၊ လားများကို ကုသရန် တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးကို ၁၈၇၄ ခုနှစ်တွင် ခန့်ထားခဲ့ပြီး မြန်မာနိုင်ငံမှလူငယ်များကို လေ့ကျင့်သင်ကြားပေးကာ “Veterinary Assistant” အဖြစ် ခန့်ထားပေးခဲ့ကြောင်း အင်္ဂလိပ်အစိုးရ၏ နှစ်စဉ်အစီရင်ခံစာများတွင် ဖော်ပြပါရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ယခုနှစ်(၁၀၀)ပြည့် တိရစ္ဆာန်ဆေးပညာ သင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံသည် ဗြိတိသျှအုပ်ချုပ်မှု အောက်ရှိ အိန္ဒိယနိုင်ငံတွင်ရှိသည့် တိရစ္ဆာန် ဆေးပညာ အတတ်သင်ကျောင်း(၃)ခုထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း၊ သင်တန်းသားများကို ခေါ်ယူလေ့ကျင့် သင်ကြားပြီး သင်တန်းဆင်းများကို Veterinary Assistant များအဖြစ် ခန့်အပ်ခဲ့ပါကြောင်း၊ ၁၉၈၁ ခုနှစ်မှစတင်ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်ကို လက်ရှိတည်နေရာဖြစ်သည့် ရေဆင်းသို့ ပြောင်းရွှေ့ပြီးသည့်နောက် အဆောက်အအုံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမြင်တွေ့နေရသည့် ရှေးဟောင်းအဆောက်အအုံကြီးသည် နှစ်ပေါင်း(၁၀၀)အတွင်း ခေတ်အခြေအနေအမျိုးမျိုးကို ကြုံတွေ့ကျော်ဖြတ်ခဲ့ရသော်လည်း အပျက်အစီးအနည်းဆုံးနှင့် ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နေ ခဲ့ခြင်းဖြစ်သည့်အတွက်လာမည့် နှစ်ပေါင်းများစွာ တိုင်အောင်တည်တံ့နိုင်ရန် ဆက်လက်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးဇူးတင်လွှာနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။