စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၀
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက နိုင်ငံတော်အကြီးအကဲက မိမိတို့ နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသောစက်မှုလုပ်ငန်း (Agro Base Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုး မွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးရေး၊ မွေးမြူရေးသို့သွားရန်လိုကြောင်း၊ ယင်းအတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်းကို လမ်းညွှန်မိန့်ကြားခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်၍ တိုင်းဒေသကြီး ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် မိမိတို့ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးပြည်နယ်များ၌ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဇုန်များအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
ဒေသအလိုက် လိုအပ်သောရေရရှိရေးအတွက် မိုးကောင်း သောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိသဖြင့် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းအလိုက် မြစ်ရေတင်စီမံကိန်းများဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းများ ဆောင်ရွက်နိုင်ကြောင်း။
ယင်းလုပ်ငန်းအတွက် ရင်းနှီးငွေလိုအပ်ပါက လိုအပ်သောစီမံကိန်းချေးငွေများကို ခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်က လမ်းညွှန်မှုပြုပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏ လမ်းညွှန် မှုများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုများကို မိမိတို့ကော်မရှင်နှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ် ကွပ်ကဲအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ ပြည်တွင်းပြည်ပ လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိပါကလည်း လုပ်ငန်းများလွယ်ကူချောမွေ့စေရန် ခွင့်ပြုမိန့်ရရှိရေးဆောင်ရွက်ရာ၌ ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောနည်းပညာ၊ လျှပ်စစ်ဓာတ်အား၊ အရင်းအနှီးတို့ကို ဖန်တီးပေးရန် အရေးကြီးပါကြောင်း။
စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် (၂၁) ချက်ကိုလည်း ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရများမှ ချိတ်ဆက်မှုအားကောင်းကောင်းဖြင့် မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် အဆိုပါလုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကိုလည်း ဝန်ကြီးဌာနတစ်ခုချင်းသာမက ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရများက ဝိုင်းဝန်းအကြံပြုသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေး လမ်းညွှန်ချက်များနှင့် ဆုံးဖြတ်ချက်များကို ကော်မရှင်အတွင်းရေးမှူးက ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI)နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယနေ့တွင် ကော်မရှင်ဥက္ကဋ္ဌသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တစ်နှစ်သုံးသီး သီးထပ်သီးနှံပုံစံ စမ်းသပ်စံပြစိုက်ကွင်းနှင့် သုတေသနစိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်ဆဲသုတေသနလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့နမူနာပြခန်းများ၊ မျိုးစေ့ဘဏ်နှင့် စိုက်ပျိုးနည်းပညာပြန့်ပွားစေရေးနှင့် တောင်သူပညာပေးထုတ်လွှင့်သည့် တောင်သူလယ်သမားကဏ္ဍရုပ်သံစတူဒီယိုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်