စမုံရေထိန်းတမံ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၂၀
သာစည်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စမုံရေထိန်းတမံအား ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တမံမြေဖို့ ခြင်းလုပ်ငန်း၊ ရေစစ်သဲထည့်ခြင်းလုပ်ငန်း၊ တမံထိပ်ပြင်တွင် ရင်တားနံရံတည်ဆောက် ခြင်းလုပ်ငန်းနှင့် အကူရေပိုလွှဲအောက်ခံ အုတ်မြစ်တွင် ကွန်ကရစ်ပိုင်တိုင် ရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကန်ရေမှတ်များ လျင်မြန်စွာမြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် ရေကြီးနှုန်းပမာဏထက် ကျော်လွန်လာသည့် အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အလျားပေ ၅၀၀ ရှိ အကူရေပိုလွှဲ (Fuse Plug Spillway) ထည့်သွင်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တမံဖို့မြေ သတ်မှတ်ချက်ပြည့်မီသည့် မြေအမျိုးအစားဖြင့် စနစ်တကျ ဖို့ကြိတ်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ဆည်ရေသောက်စနစ်များကို သေချာစွာစီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
စမုံရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်းဖြင့် စမုံချောင်း၏ ရေစီးရေလာကိုထိန်းညှိ၍ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များအတွင်းရှိ စိုက်ပျိုးမြေဧရိယာများကို စိုက်ပျိုးရေပေးသွင်းခြင်းနှင့် ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာများ၏ သောက်သုံးရေကန်များအား ရေဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း မြေအောက်တမံဆောင်ရွက်ရန် လျာထားသည့် နေရာရွေးချယ်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သာစည်မြို့နယ် တောခင်းကျေးရွာအနီး ဆပ်ပြာချောင်းနေရာကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ကျောက်ချပ်ကျေးရွာအနီး တမာကိုင်းချောင်းနေရာကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် ခံဘူးကျေးရွာအနီး ဝက်သိုးချောင်းနေရာကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ထပ်မံစူးစမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ခံဘူးကျေးရွာရှိ တောင်သူပိုင်စက်ရေတွင်းများမှ ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ခင်းအတွင်း ရေသွင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်