ဆင်သေဆည်ရေသောက် လက်ယာမြောင်းမကြီးမှ နွေသီးနှံများအတွက် စိုက်ပျိုးရေ ပြန်လည်ပေးဝေလျက်ရှိ
ဆင်သေရေလွှဲဆည် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ဧပြီ ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း ရေပေးဝေနိုင်ရေးဆောင်ရွက်ရန်ညွှန်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျိုးပေါက်ပျက်စီးခဲ့သည့် ကျောက်ဖြည့် တမံအမျိုးအစား ရေလွှဲဆည်အားစက်ယန္တရားများဖြင့် ယာယီမြေသားတမံလုပ်ငန်း ဆောင်ရွက် လျက်ရှိသကဲ့သို့ ဆင်သေရေလှောင်တမံ၏ ရေဆင်းဧရိယာမှရေများကို ရေသွယ်မြောင်း တူးဖော်၍လက်ယာမြောင်းမကြီးသို့ တိုက်ရိုက်ရေပေးသွင်းခဲ့ရာ လက်တံမြောင်းများသို့ ယနေ့တွင် ရေစတင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အလားတူရေလွှဲဆည်အတွင်း ရေခေါ်မြောင်းတူးဖော်၍ ရေစုဧရိယာမှတစ်ဆင့် ရေတင်စက်များအသုံးပြုကာ လက်ဝဲမြောင်းမကြီးသို့ ရေပေးသွင်းနိုင်ရေးလုပ်ငန်းမှာ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ဧပြီ ၂၃ ရက်တွင် လက်ဝဲမြောင်းမကြီးနှင့် လက်တံမြောင်းများသို့ ရေပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဆင်သရေလွှဲဆည် လက်ယာမြောင်းမကြီးမှရေများ လက်တံမြောင်းများ တစ်လျှောက်စီးဝင်လာမှု၊ နွေစပါးစိုက်ခင်းများသို့ ရေစတင်ရောက်ရှိမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြပြီး တောင်သူတစ်ဦးချင်း၏ လုပ်ငန်းခွင်တွင် လိုအပ်သည်များ မေးမြန်းဆောင်ရွက်ပေးခဲ့သည်။
နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီး ဦးဗိုလ် ဗိုလ်ကျော်သည် ဆင်သေရေလှောင်တမံ၏ ရေဆင်း ဧရိယာမှ ရေများကို ရေသွယ်မြောင်းတူးဖော်၍ လက်ယာမြောင်းမကြီးသို့ ရေပို့လွှတ်နေမှု၊ စက် ယန္တရားများဖြင့် ဆင်သေရေလွှဲဆည် (ဒဟတ်ကုန်းဆည်) ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေ မှုနှင့်လက်ဝဲမြောင်းမကြီးသို့ ရေပေးသွင်းနိုင်ရေး စီမံဆောင်ရွက်နေမှု၊ လက်ယာမြောင်း မကြီးတစ်လျှောက် ရေစတင်ဝင်ရောက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီး ဆင်သေရေလှောင်တမံ၏ ဆည်ရေများကို လက်ဝဲ လက်ယာမြောင်းမကြီးများဖြင့် ရေသောက်စနစ်သို့ ထိန်းညှိပို့လွှတ်ပေးလျက်ရှိသည့် ဆင်သေရေ လွှဲဆည် (ဒဟတ်ကုန်းဆည်)သည် မန္တလေးငလျင်ကြီးကြောင့် မတ် ၂၈ ရက်တွင် ပထမအကြိမ် ထိခိုက်ပျက်စီးခဲ့ပြီး ဧပြီ ၁၁ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် ဒုတိယအကြိမ် ထပ်မံကျိုးပေါက်ပျက်စီးခဲ့ရသဖြင့် ရေသောက်စနစ်အတွင်းရှိ နွေသီးနှံများအတွက် စိုက်ပျိုးရေ ပေးဝေမှုနှောင့်နှေးခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေများ အချိန်မီရရှိအသုံးပြုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။