လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် AI နည်းပညာတွဲဖက်အသုံးပြုရေး ဆွေးနွေး
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် AI နည်းပညာ တွဲဖက်အသုံးပြုရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် အေလာစိုက်ပျိုး စီးပွားပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ အေလာမြို့သစ်မှ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူများအနေဖြင့် မိမိတို့မိုဘိုင်းဖုန်းများမှတစ်ဆင့် လူမှုကွန်ရက်ပလက်ဖောင်းများအသုံးပြု၍ စိုက်ပျိုးနည်းပညာများကို အလွယ်တကူလေ့လာနိုင်ကြောင်း၊ မိမိကျေးရွာတွင်း မျိုးစေ့ဖူလုံမှု၊ စားရေရိက္ခာဖူလုံရေးအတွက် လုပ်ကွက်ငယ်တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်အပြင် တောင်သူကြီးများနှင့် ကုန်သည်ကြီးများ ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းများကို လုပ်ကိုင်စေလိုကြောင်း၊ AI အကူအညီဖြင့် တောင်သူကြီးများ၏ လယ်ယာလုပ်ငန်းခွင်တွင် လိုအပ်သည့်ဆုံးဖြတ်ချက်များကို ချမှတ်ရန်လိုကြောင်း၊ နည်းပညာနှင့် သတင်းအချက်အလက်ကို အခြေခံ၍ စပါးမျိုးစေ့များထုတ်ပါက အကျိုးရှိပြီး တောင်သူများ စွမ်းဆောင်ရည်မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက တက်ရောက်လာကြသည့် တောင်သူများကို သီးပင်စားပင်ပျိုးပင်များနှင့် မျိုးစေ့များပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကြံခင်းစုကျေးရွာတွင် တောင်သူ ၁၀၀ ခန့်နှင့်တွေ့ဆုံ၍ SMU ကျေးရွာတိုင်းတွင် လူထုအခြေပြုအော်ဂဲနစ်သီးနှံများ စိုက်ပျိုးရန်၊ ကျေးရွာအတွင်း စားသုံးရန်စိုက်ပျိုးထားရှိသည့် နှစ်တို၊ နှစ်ရှည်သီးနှံများကို စာရင်းပြုစုရန်၊ SMU ကျေးရွာအတွင်း မိုဘိုင်းဖုန်းလက်ရှိအခြေအနေတွင် ရရှိနိုင်သော လူမှုကွန်ရက်မီဒီယာများကို အသုံးပြု၍ စိုက်ပျိုးရေး နည်းပညာများ လေ့လာနိုင်မှု၊ SMU ကျေးရွာတိုင်းတွင် သီးနှံပျိုးခြံများ၊ စိုက်ခင်းကြီးများ ထူထောင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများအား ရရှိနိုင်မည့် မြေတွင် မြေပြန့်ကော်ဖီများ စိုက်ပျိုးကြရန်နှင့် ဆူးပုတ်၊ ဒန့်သလွန်၊ ဥသျှစ်၊ ခံပင်၊ မလွှ၊ ကြောင်လျှာ၊ ကင်ပွန်း ချဉ်ပင် အစရှိသော ပျိုးပင် ၃၅၀ နှင့် အပင်မျိုးစေ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။