အဓိကအကြောင်းအရာသို့ သွားမည်
x

တိရစ္ဆာန်ဆေးပညာဘွဲ့သင်တန်းသင်ရိုးညွှန်းတမ်းအား နိုင်ငံတကာသင်ရိုးညွှန်းတမ်းများဖြင့် နှိုင်းယှဉ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

“ပိုမိုကောင်းမွန်ပြည့်စုံသော မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာရပ်သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်းတမ်းများ သုံးသပ်ပြင်ဆင်ပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြင်ပပညာရှင်ကြီးများနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် ယခုကဲ့သို့ မိမိတက္ကသိုလ်၏ တိရစ္ဆာန်ဆေးပညာဘွဲ့သင်တန်း သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်ခြင်းသည် တိရစ္ဆာန်ဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေလုပ်ဆောင်သင့်သည့် အရေးပါသောလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ တိရစ္ဆာန်ဆေးပညာသင်ကြားရေးနှင့် မြန်မာနိုင်ငံ၏ တိရစ္ဆာန် ဆေးပညာသင်ကြားရေး သင်ရိုးညွှန်းတမ်းများ ကိုက်ညီမှုရှိမှသာလျှင် ဘွဲ့ရတိရစ္ဆာန်ဆေးပညာရှင်များအချင်းချင်း အပြန်အလှန်အသိအမှတ်ပြု ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်ခြင်းသည် ဝန်ကြီးဌာန၊ တက္ကသိုလ် နှင့် ဆရာ ဆရာမတစ်ဦးချင်းအပါအဝင် တိရစ္ဆာန်ဆေးပညာဆိုင်ရာအသင်းအဖွဲ့များအားလုံးမှ ပူးပေါင်းဆောင်ရွက်သင့်သည့်တာဝန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်က အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါမောက္ခများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဩစတြေးလျ နိုင်ငံတို့၏ တိရစ္ဆာန်ဆေးပညာဘွဲ့ သင်ရိုးညွှန်းတမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ လက်ရှိ တိရစ္ဆာန်ဆေးပညာဘွဲ့ သင်ရိုးညွှန်းတမ်းနှင့် ဖော်ပြခဲ့သော ငါးနိုင်ငံ၏ သင်ရိုးညွှန်းတမ်းများနှင့် နှိုင်းယှဉ်တင်ပြဆွေးနွေးကြရာ တက်ရောက်လာသူများက တင်ပြချက်များအပေါ်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။