အဓိကအကြောင်းအရာသို့ သွားမည်
x

“မတူညီသောမြေအမျိုးအစားနှစ်မျိုးတွင် ဆီလီကွန်မြေဩဇာကို အသုံးပြုခြင်းဖြင့် စပါးပင်၏ အပင်ကြီးထွားမှု၊ အထွက်နှုန်းနှင့် ဆီလီကွန်ရယူသုံးစွဲနိုင်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်းအကြောင်း” အသိပညာမျှဝေသည့် စာတမ်းဖတ်ပွဲကျင်းပ

ဇန်နဝါရီလ(၁၇)ရက်၊ တနင်္လာနေ့ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်အစည်းအဝေးခန်းမ၌ ပြည်တွင်း၊ ပြည်ပပညာတော်သင်များ၏ ပညာသင်ကာလ အတွင်း တွေ့ကြုံရသောအတွေ့အကြုံများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသန စာတမ်းအကြောင်း အသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ 
          အဆိုပါစာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာ ထွန်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာမင်းစံသိန်းနှင့် ညွှန်ကြားရေးမှူး များ၊ သုတေသနဌာနစုအသီးသီးမှ ဌာနစုတာဝန်ခံများ၊ သုတေသီပညာရှင်များ တက်ရောက် ခဲ့ကြပါသည်။
စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ဖြစ်သည့် မြေဆီလွှာသိပ္ပံသုတေသနဌာနစုမှ သုတေသန လက်ထောက်-၂၊ ဒေါ်မြမြဆွေမှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြေဆီလွှာနှင့်ရေသိပ္ပံပညာဌာန တွင် မဟာသိပံ္ပဘွဲ့သင်တန်းအတွက် သုတေသနပြုလုပ်ခဲ့သော “မတူညီသောမြေအမျိုးအစား နှစ်မျိုးတွင် ဆီလီကွန်မြေဩဇာကို အသုံးပြုခြင်းဖြင့် စပါးပင်၏အပင်ကြီးထွားမှု၊ အထွက်နှုန်းနှင့် ဆီလီကွန်ရယူသုံးစွဲနိုင်မှုအပေါ် အကျိုးသက်ရောက်မှုကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားခဲ့ပါသည်။ စမ်းသပ်ကွက်အား ဆီလီကွန်မြေသြဇာထည့်သွင်းပေးခြင်းဖြင့် စပါးပင်၏ အပင်ကြီးထွားမှု၊ အထွက်နှုန်းနှင့် ဆီလီကွန်ရယူသုံးစွဲနိုင်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရန်၊ မြေအမျိုးအစားနှစ်မျိုးတွင် ဆီလီကွန်မြေသြဇာ၏တုံ့ပြန်မှုကို အကဲဖြတ်ရန်နှင့် မြေတစ်မျိုးစီတွင် အသင့်တော်ဆုံးစပါးအထွက်ကိုပေးနိုင်သည့် ဆီလီကွန်ဓာတ်မြေသြဇာနှုန်းထား ကိုရှာဖွေရန် စသည့်ရည်ရွယ်ချက်(၃)ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရွှေဘိုမြေနှင့် ရေဆင်းမြေ နှစ်မျိုးအား ဆီလီကွန်နှုန်းထား(၅)မျိုး(၀၊ ၁၀၀၊ ၁၅၀၊ ၂၀၀ နှင့် ၂၅၀ ကီလိုဂရမ်/ဟက်တာ)ကို အိုးစမ်းသပ်ချက်ဖြင့်ဆောင်ရွက်ခဲ့ပြီး စမ်းသပ်ချက်အားလုံးတွင် ဓာတ်မြေဩဇာထောက်ခံနှုန်းထား ၈၅ - ၁၂- ၃၁ ( နိုက်ထရိုဂျင် - ဖော့စ်ဖရပ်စ် - ပိုတက်စီယမ်)ကီလိုဂရမ်/ဟက်တာ ထည့်သွင်း အသုံးပြုခဲ့ကြောင်း တင်ပြခဲ့ပါသည်။
  သုတေသနတွေ့ရှိချက်များအရ ပထမရာသီတွင် ရွှေဘိုမြေသည် အပင်အမြင့်၊ ပင်ပွားအရေ အတွက်၊ အရွက်ဧရိယာစံညွှန်း၊ ရိတ်သိမ်းချိန်စံညွှန်း၊ စပါးအထွက်၊ ကောက်ရိုးအထွက်နှင့် အပင်မှဆီလီကွန်ရယူနိုင်မှုတို့သည် ရေဆင်းမြေထက်သာလွန်သည်ကို တွေ့ရှိခဲ့ပါကြောင်း၊ ဒုတိယ ရာသီတွင် မြေအမျိုးအစား နှစ်မျိုးစလုံးတွင် ဆီလီကွန် ၂၀၀ ကီလိုဂရမ်/ဟက်တာ အသုံးပြုခြင်း သည် ကောင်းမွန်သင့်တင့်သော စပါးအထွက်နှုန်းပေးသည်ကို တွေ့ရှိရပါကြောင်း၊  စပါးပင်၏ ဆီလီကွန်ရယူသုံးစွဲနိုင်မှုသည် မြေအမျိုးအစား နှစ်မျိုးစလုံးတွင် ဆီလီကွန်ဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုသည့် စမ်းသပ်ချက်အားလုံးသည် ဆီလီကွန်မထည့်သည့်စမ်းသပ်ချက်နှင့် နှိုင်းယှဉ်လျှင် သိသာစွာသာလွန်သည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း၊ ဆီလီကွန်မြေဩဇာ ထည့်သွင်းခြင်းသည် ကောက်ယူခဲ့သော မှတ်တမ်းများအားလုံးတွင် မြေအမျိုးအစား နှစ်မျိုးနှင့် ဆက်စပ်တုန့်ပြန်မှု မရှိသည်ကိုတွေ့ရှိရကြောင်းနှင့် ဆီလီကွန်မြေဩဇာထည့်သွင်းခြင်း၏ အကျိုးသက်ရောက်မှုကို ပိုမိုသိရှိနိုင်ရန် စပါးစိုက်ပျိုးသည့်ဒေသများတွင် ကွင်းစမ်းသပ်ချက်များ အနေဖြင့် ထပ်မံဆောင်ရွက်သင့်ပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသနပညာရှင်များမှ ဆီလီကွန်မြေဩဇာထည့်သွင်းခြင်းဖြင့် စပါးပင်၏ ပိုးမွှားရောဂါခံနိုင်ရည်ရှိမှု၊ အပင်ယိုင်လဲမှု လျော့နည်းစေမှုတို့အား ပိုးမွှား၊ အပင်ရောဂါ နှင့် အပင်ဇီဝကမ္မသုတေသနဌာနစုများနှင့် ချိတ်ဆက်၍ ကွင်းစမ်းသပ်ကွက်များအား ဆက်လက် လုပ်ဆောင်သွားစေလိုကြောင်း အကြံပြုခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။