အဓိကအကြောင်းအရာသို့ သွားမည်
x

မြေဆီလွှာသိပ္ပံသုတေသနဌာနစုတွင် ခရမ်းချဉ်သီးနှံ ဓာတ်မြေဩဇာစမ်းသပ်ကွက်အား ကွင်းသရုပ်ပြပွဲ ပြုလုပ်ကျင်းပ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များသုတေသန ဌာနခွဲ၊ မြေဆီလွှာသိပ္ပံသုတေသနဌာနစု၏ ၂၀၂၁ခုနှစ်၊ မိုးနှောင်းရာသီတွင် စိုက်ပျိုးထားသော သက်တမ်း ၂ လနှင့် ၂၇ ရက်ရှိနေသည့် ခရမ်းချဉ်သီးနှံ ဓာတ်မြေဩဇာ စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို (၂၄.၁.၂၀၂၂)နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် မြေဆီလွှာသိပ္ပံသုတေသနဌာနစု  ကွင်း၊ ကွင်းအမှတ်− B6 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာနိုင်ကြည်ဝင်းနှင့် ညွှန်ကြား ရေးမှူး(စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များသုတေသနဌာနခွဲ)မှ အမှာစကားပြောကြားခဲ့ ပြီး ဌာနစုတာဝန်ခံ၊ ဒေါက်တာနီနီတင့်မှ စိုက်ပျိုးသီးနှံများတွင် အဓိကနှင့် အနည်းလိုအာဟာရ ဓာတ်များသည် အပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုများအတွက် အရေးပါမှု၊  ကယ်လ်စီယမ်နှင့် ဘိုရွန် ဓာတ်မြေဩဇာများ၏ အပင်အတွင်း လုပ်ဆောင်ပေးမှုအကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စမ်းသပ်ကွက်တာဝန်ခံ ဒေါ်ဌေးလှိုင်(သုတေသနလက်ထောက်-၃)မှ “သဲဆန်သောမြေတွင်စိုက်ပျိုးသော ခရမ်းချဉ်သီးနှံတွင် ကယ်လ်စီယမ်နှင့် ဘိုရွန်ဓာတ်မြေဩဇာ များ ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်း၊ အရည်အသွေးနှင့် အာဟာရဓာတ်ပါဝင်မှုများအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်းစမ်းသပ်ကွက်”သရုပ်ပြပွဲနှင့်ပတ်သက်၍ ခရမ်းချဉ်သီးနှံသည် စားဖိုဆောင်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီး ဗီတာမင်အေ၊ ဗီတာမင်စီနှင့် အာဟာရဓာတ်များစွာပါဝင်သော သီးနှံတစ်ခုဖြစ်ကြောင်း၊ ဘိုရွန်ဓာတ်သည် သီးနှံများ၏ ဝတ်မှုန်ကူးခြင်၊ အသီးဖွံ့ဖြိုးခြင်း၊ အသီးကြီးထွားခြင်းနှင့် ဝတ်မှုန်တိုင်ဖွံ့ဖြိုးခြင်း၊ အခြားသော ဟော်မုန်းဓာတ်ဖွံ့ဖြိုးမှုတို့တွင် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်ကြောင်း၊ ကယ်လ်စီယမ် စုပ်ယူမှုနှင့် အသုံးပြုမှုတို့တွင်လည်း အားပေးကြောင်း၊ ဘိုရွန်ဓာတ်ချို့တဲ့လျှင် ခရမ်းချဉ်သီးနှံများ တွင်  အနက်ရောင်ဒဏ်ရာနှင့် အကွဲများကိုဖြစ်ပေါ်စေပြီး အထွက်နှုန်းကို ကျဆင်းစေကြောင်း၊ သဲဆန်သောမြေ၊ သစ်ဆွေးဓာတ်နည်းသောမြေ၊ မြေချဉ်/ငန်ဓာတ်မြင့်သောမြေ၊ မိုးခေါင်ခြင်းနှင့် မိုးသည်းထန်စွာရွာသောမြေတို့တွင် ဘိုရွန်ဓာတ်များသည် ရေနှင့်အတူပျော်ဝင်သွားနိုင်ခြင်းတို့ ကြောင့် ထိုမြေများတွင် ဘိုရွန်ဓာတ် ချို့တဲ့လေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ ကယ်လ်စီယမ်နှင့် ဘိုရွန်ဓာတ်ချို့တဲ့မှုလက္ခဏာများကို ခရမ်းချဉ်သီးနှံများတွင် အတူတကွတွေ့ရှိရကြောင်း၊ ခရမ်းချဉ်အရွက်များ၏ ဆဲလ်နံရံများတွင် ဘိုရွန်နှင့် ကယ်လ်စီယမ်ပါဝင်မှုမရှိလျှင် ခရမ်းချဉ် အထွက်ကို လျော့ကျစေပါကြောင်း၊ ရေဆင်းဒေသရှိ ခရမ်းချဉ်နှင့် ငရုတ်စိုက်ခင်းများတွင် ကယ်လ်စီယမ်နှင့် ဘိုရွန်ချို့တဲ့မှုလက္ခဏာများကို တွေ့ရှိရလေ့ရှိကြောင်း၊ ထို့ကြောင့် သဲဆန်သော မြေများတွင် သင့်တော်သော ကယ်လ်စီယမ်နှင့် ဘိုရွန်ဓာတ်မြေဩဇာနှုန်းထားများ ထည့်သွင်းခြင်း ဖြင့် ခရမ်းချဉ်သီးနှံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်းကို သိရှိရန်အတွက် ဤသရုပ်ပြပွဲအား ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးထားသည့် ခရမ်းချဉ် ဓာတ်မြေဩဇာ စမ်းသပ်ကွက်အား ပြသခဲ့ရာ တက်ရောက်လာကြသူများနှင့် သုတေသီပညာရှင်များမှ အကြံပြုချက်နှင့် သိလိုသည့်အချက်များကို ဌာနစုတာဝန်ခံနှင့် စမ်းသပ်ကွက်တာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကွင်းသရုပ်ပြပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး  မှူးများ၊ ဌာနစုတာဝန်ခံများနှင့် သုတေသီပညာရှင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး ကွင်းသရုပ်ပြပွဲကို နံနက် (၉:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။