အဓိကအကြောင်းအရာသို့ သွားမည်
x

ကော်ဖီ နှင့် လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်ဖီ နှင့် လက်ဖက်သီးနှံ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ ကို အားပေး ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ(၇)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် ၊ ပင်းတယမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ကော်ဖီ နှင့် လက်ဖက်သီးနှံ အစုအဖွဲ့များ  တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးရာ၌ ကော်ဖီ နှင့် လက်ဖက် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေး သာမကပဲ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ခေတ်မီနည်းပညာများ အသုံးပြုပြီး အရည်အသွေးမြင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ် ရေး၊  စျေးကွက်ရရှိရေး၊ ရေရှည်တည်တံ့သော စီးပွားရေးထုတ်ကုန်ဖြစ်စေရေး အတွက် ဒေသအစိုးရများ အပိုင်း၊ စိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့များ အပိုင်း နှင့် တန်ဖိုးမြှင့် ကွင်းဆက်တလျှောက်တွင် ပါဝင်သည့် လုပ်ငန်းရှင်များ အပိုင်း က ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် နှင့် လိုအပ်ချက်များရှိပါက ကူညီဖြေရှင်းပေးနိုင်ရန် ယနေ့တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီကို ရည်မှန်းထားသည့်အတိုင်း မြန်မာ့နိုင်ငံ၏ အရည်အသွေးမြင့် အဓိကပို့ကုန် ဖြစ်လာ အောင် ဆောင်ရွက်ရာ တွင် ဧရိယာ တိုးချဲ့စိုက်ပျိုးရန် နှင့် အရည်အသွေး ပိုမိုကောင်းမွန်လာရေး ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း၊ ကော်ဖီဗဟိုအဖွဲ့ အောက်တွင် ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရေးနှင့် လက်ရှိစိုက်ပျိုး လုပ်ကိုင်နေသည့် ဒေသများရှိ အသေးစား၊ အလတ်စားများ အစုအဖွဲ့များကိုဦးစားပေးကာ တိုးချဲ့နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊  စျေးကွက် တစ်ပါတည်း ရရှိရေးအတွက် ပြုပြင်ထုတ်လုပ်သူများ နှင့် ချိတ်ဆက် လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း၊ ရောင်းဝယ်မှုအပိုင်းတွင် အရည်အသွေး ထိန်းသိမ်းရန် လိုအပ်သည့် ဓါတ်ခွဲခန်းများအသုံးပြုနိုင်ရေး နှင့် ကော်ဖီ အကဲဖြတ်နိုင်သည့် လူသားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ် ပေးရေး စသည့် လုပ်ငန်းကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိက နှင့် အစိုးရပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ကော်ဖီနှင့် လက်ဖက်ကိုအခြေခံသော အစုအဖွဲ့များအနေဖြင့် ကုန်ထုတ်သမဝါယမ အသင်းများ အဖြစ်  လုပ်ကိုင်နိုင်ရေး နှင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကူညီပံ့ပိုး ပေးနေမှုများ၊ စုပေါင်း ထုတ်လုပ် ခြင်းကြောင့် ဈေးကွက်ဝေစုရရှိနိုင်မှု အားသာချက်များ၊ အရင်းအနှီး မတည်ငွေစုဆောင်းခြင်း အလေ့အထ နှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်မှု အခွင့် အလမ်းများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများ အတွက် ကုန်ထုတ်လမ်းများ ၊ ကျေးလက်ဒေသများ အတွက် လျှပ်စစ်မီးအသုံးပြုနိုင်ရေး၊ ရေရရှိရေး အပါအဝင်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က လက်ရှိ ဆောင်ရွက် နေသော ရှမ်းပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ နှင့် ရှေးအလားအလာများ၊ ကော်ဖီနှင့် လက်ဖက်တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို ပြည်နယ်အစိုးရအနေဖြင့် အားပေး ကူညီဆောင်ရွက်ပေးနေမှုများကိုရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ကော်ဖီ နှင့် လက်ဖက်သီးနှံ အစုအဖွဲ့ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်း အတွေ့အကြုံများ နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ကော်ဖီ နှင့် လက်ဖက်သီးနှံ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ကြရာ ကော်ဖီ နှင့် လက်ဖက် သီးနှံ အစုအဖွဲ့ ကိုယ်စားလှယ်များ က လက်ခံရယူခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပင်လောင်းမြို့နယ် နောင်တရား အာလူးအအေးခန်း သိုလှောင်ရုံ သို့ သွားရောက်ကြပြီး အာလူး မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆွေးနွေး မှာကြားခဲ့ကြသည်။

အာလူး တန်(၂၀၀၀)ဆန့် နောင်တရား အာလူးအအေးခန်းသိုလှောင်ရုံ နောင်တရာ ဒေသရှိအာလူး လုပ်ငန်းရှင်များဦးဆောင်ပြီး စုပေါင်း ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ အအေးခန်းစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းကြောင့် တောင်သူများ သိုလှောင် ထားရှိသော မျိုးအာလူးများ အလေးချိန်လျော့ပါးမှုနည်းခြင်း၊ ရောဂါပိုးမွှား ဝင်ရောက်ဖျက်စီးမှု မရှိခြင်း၊ ပြန်လည်စိုက်ပျိုးချိန်တွင် အပင်ပေါက်နှုန်းညီမျှပြီး ပုံမှန်ထက် ပိုးမွှားရောဂါနှင့် ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိကာ အထွက်နှုန်းမြင့်မားသဖြင့် တောင်သူများ အတွက် များစွာအကျိုးပြုလျက် ရှိကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် နောင်တရား လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ သို့ သွားရောက်ကြပြီး လက်ဖက်အချိုခြောက် ထုတ်လုပ်နေမှု နှင့် နာနတ်သီးခြောက်ထုတ်လုပ်နေမှုများကို ကြည့်ရှု အားပေး ခဲ့ကြသည်။

ညနေပိုင်းတွင် ပင်လောင်းမြို့ ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ပင်လောင်းဥယျာဉ်ခြံ တွင် ကော်ဖီ နှင့် လက်ဖက်သီးနှံ အစုအဖွဲ့များ အား တွေ့ဆုံ၍ ၂၀၂၂ခုနှစ် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲတွင် ပင်လောင်း ဒေသထွက် ကော်ဖီများ က အရည်အသွေးအမြင့်ဆုံးဆု (၃)ဆု ရရှိခဲ့သဖြင့် မိမိဒေသ၏အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်း ထားရှိရေး၊ကော်ဖီ နှင့် လက်ဖက်စိုက်ပျိုးရန် ရာသီဥတုနှင့်ရေမြေအခြေအနေကောင်းရှိသဖြင့် ပင်လောင်းဒေသ၏ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ကော်ဖီ နှင့် လက်ဖက် တိုးချဲ့ထုတ်လုပ်နိုင်ရေး နှင့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ကော်ဖီ နှင့် လက်ဖက်သီးနှံ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြရာ ကော်ဖီ နှင့် လက်ဖက် သီးနှံ အစုအဖွဲ့ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။

 

crd; www.agri.com.mm