အဓိကအကြောင်းအရာသို့ သွားမည်
x

မဲခေါင်-လန်ချန်းစီမံကိန်း သတင်း အချက်အလက် ဗဟိုဌာန အဆောက်အဦဖွင့်လှစ်

မဲခေါင်–လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်း အတွက် အသုံးပြုရန် ဆောက်လုပ် ပြီးစီးခဲ့သည့် မဲခေါင်–လန်ချန်း စီမံကိန်း သတင်း အချက်အလက် ဗဟိုဌာန အဆောက်အဦဖွင့်ပွဲ ကို ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဝင်း အတွင်း ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Dr. Zheng Zhihong နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မဲခေါင်လန်ချန်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိအချိန် တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ် -၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများ၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများ နှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ ကြောင့် စားနပ်ရိက္ခာဖူလုံရေး မှာ အလွန်အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သတင်း အချက်အလက်ဌာန တစ်ခု တည်ထောင်နိုင်ခြင်းသည် မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေး အတွက် လုံလောက် သည့် အသင်း အချက်အလက် ရရှိရန် အချိန်ကိုက်ဖြစ်ပေါ် လာခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မဲခေါင်–လန်ချန်း စီမံကိန်း သတင်း အချက်အလက်ဗဟိုဌာန အနေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ အကြား သတင်း အချက်အလက်ဖလှယ်မှု စင်္ကြန်မှတဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ ကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက် အလက်များ ညွှန်းကိန်းများ ကို အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ သတင်း အချက်အလက်ဌာန တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုတိုးတက်ရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှု မူဘောင်များ ရေးဆွဲရေး စသည့်လုပ်ငန်းများကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းအချက်အလက်ဌာန ရှိခြင်းဖြင့် မိမိတို့နိုင်ငံ အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် စားနပ်ရိက္ခာထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ စုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း စသည့် အလေ့အကျင့်နှင့် အတွေ့အကြုံများကို မြှင့်တင် နိုင်မည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများလည်း အားကောင်း လာမည် ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း(၂၀၁၈) အား မူလက ၂၀၂၁ခုနှစ် အထိသာ ဆောင်ရွက်ရန်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အထိ ကာလပြောင်းလဲ ဆောင်ရွက်ခဲ့ရခြင်းဖြစ်၍ စီမံကိန်းအောင်မြင်ရေးအတွက် အဘက်ဘက်က ကြိုးပမ်းအားထုတ် ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

မဲခေါင်လန်ချန်း

ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ က နှုတ်ခွန်းဆက် စကား ပြောကြားပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်း(၂၀၁၈)ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဌ က စီမံကိန်းလုပ်ငန်း ဆိုင်ရာ များကို ရှင်းလင်း တင်ပြသည်။

မဲခေါင်လန်ချန်း

ထို့နာက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၈) ဖြင့် ဆောင်ရွက်သည့် စားနပ်ရိက္ခာ လုံခြုံရေး နှင့် သတင်းအချက်အလက်များ လေ့လာသုံးသပ်ခြင်း နှင့် ညွှန်ကိန်းများအတွက် ပံ့ပိုးပေးနိုင်ရန် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဆိုင်ရာ စာရင်းအင်း အချက်အလက် စင်္ကြန် တစ်ခု တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

မဲခေါင်လန်ချန်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ သံရုံးယာယီတာဝန်ခံ နှင့် ညွှန်ကြားရေးမှူးချုပ် တို့က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ကို အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

မဲခေါင်လန်ချန်း

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ၊ သံရုံးယာယီတာဝန်ခံ နှင့် တာဝန်ရှိသူများက မဲခေါင်–လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦ ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး မဲခေါင်–လန်ချန်းစီမံကိန်း သတင်း အချက် အလက် ဗဟိုဌာန မုခ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့ကြသည်။

မဲခေါင်လန်ချန်း

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ၊ သံရုံးယာယီတာဝန်ခံ နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသ ဆိုင်ရာ စာရင်းအင်းအချက်အလက်ဌာန ကြေးပြားဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးကြပြီး မဲခေါင်–လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မဲခေါင်လန်ချန်း

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံများပါဝင်သော မဲခေါင်-လန်ချန်း နိုင်ငံများအကြား အပြန်အလှန်လေးစားမှု ယုံကြည်မှု တန်းတူညီမျှရှိမှု၊ တစ်ဦးပေါ်တစ်ဦး နားလယ်ပေးနိုင်မှု စသည်တို့ အပေါ်အခြေခံသည့် ချစ်ကြည် ရင်းနှီးမှု နှင့် နွေးထွေးသော ဆက်ဆံမှုများကို အခြေပြုပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က စီမံကိန်း(၃၁)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် မဲခေါင်–လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန လုပ်ငန်းသည်လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

မဲခေါင်လန်ချန်း