အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းဖွင့်လှစ်

 နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်း၌ (၂.၁၀.၂၀၂၃)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အထူး) သင်တန်း၊ အမှတ်စဉ် ၂/၂၀၂၃-၂၀၂၄  သင်တန်းဖွင့်ပွဲကို သင်တန်းကျောင်း ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား ညွှန်ကြားရေးမှူး (စီမံကိန်း) ဦးလှဝေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာသင်တန်းကျောင်းရေဆင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် တောင်သူသင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါသင်တန်းတွင် တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား မြေယာပြုပြင်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုနေသည့် ခေတ်မီ လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကျွမ်းကျင်စွာကိုင်တွယ် မောင်းနှင်ထိန်းသိမ်းတတ်စေသည့် အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်မောင်းနှင်သုံးစွဲရန်နှင့် ကြံ့ခိုင်ထိန်းသိမ်းမှု ဆောင်ရွက်ရန် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်စက်မောင်း လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

   

 ထို့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စက်စွမ်းအားတိုးမြှင့်သုံးစွဲရန်လိုအပ်လာသည်နှင့်အမျှ သမားရိုးကျလယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများတိုးတက်သုံးစွဲရေး၊ စက်ကိရိယာစွမ်းအားကို အပြည့်အဝအသုံးချနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် များစွာအထောက်အကူပြု၍အကျိုးရှိစေမည် ဖြစ်ပါသည်။

 

သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုမှ စုစုပေါင်း သင်တန်းသား(၂၉)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂.၁၀.၂၀၂၃)ရက်နေ့မှ (၂၄.၁၁.၂၀၂၃)ရက်နေ့ထိ ဖြစ်ပါသည်။