အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

   အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်(၈)ရပ်အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသနှင့်ဆီလျော်မည့် လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) အစည်းအဝေးများ ကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးရလဒ်များကို ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီမှတစ်ဆင့် ဦးစီးကော်မတီသို့ တင်ပြခဲ့ကြကြောင်း၊ တင်ပြချက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ တင်ပြချက်များတွင် တူညီသည့်အချက်အလက်များပါရှိသကဲ့သို့ ဒေသတစ်ခုချင်း အခြေအနေများအရ မတူညီသော အချက်အလက်များပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

     ယခင်ကျူးလွန် အသုံးပြုခဲ့မှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်ထပ်မံ၍ကျူးလွန်မှုများ မဖြစ်ပွားစေရေးအတွက်ကိုလည်း လယ်ယာမြေကို စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေဥပဒေအရလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရလည်းကောင်း၊ အခြားဆက်စပ်ဥပဒေများအရလည်းကောင်း တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်အရေးယူဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင်ထိရောက်စွာဟန့်တားနိုင်မည့် ပြစ်ဒဏ်မျိုးချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

     လယ်ယာမြေပိုင်ဆိုင် လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ လယ်ယာမြေဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဖောက်ဖျက်ကာ အဆောက်အအုံဆောက်လုပ်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ မြေယာဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများ သဘောတရားများကို ပြည်သူတိုင်း သိရှိနားလည်နေအောင် လေ့လာထားသင့်ပါကြောင်း။

    လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက်ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီအနေဖြင့် ၁၄ ရက်သာ ကျန်ရှိတော့သည့်အတွက် SOP ရေးဆွဲခြင်း သတ်မှတ်တာဝန်ပေးထားသည့် ကာလအတွင်း လုပ်ငန်းများပြည့်စုံပြီးမြောက် အောင်မြင်ရေးကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

      ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး - ၂ က SOP မူကြမ်းပါအချက်များကို ရှင်းလင်းတင်ပြရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက SOP မူကြမ်းတွင် ပါဝင်သင့်သည့် အကြောင်းအရာတစ်ချက်ချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

     လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာ အဆောက်အအုံများ ဆောက်လုပ်ခြင်းမျိုးသည် တည်ဆဲလယ်ယာ မြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြုဆောင်ရွက်နေခြင်းသာဖြစ်၍ အဆိုပါကိစ္စရပ်များအပေါ် ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက်နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ၊ အလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။