အဓိကအကြောင်းအရာသို့ သွားမည်
x

အဆင့်မြင့်စိုက်ပျိုးရေးသုတေသနပညာများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကြိုးပမ်း

နေပြည်တော် နိုဝင်ဘာ ၁၇

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ယူလာကြမည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနပညာများ လေ့လာသင်ယူနိုင်ရေးအတွက် လိုအပ်ချက်များ စီမံဖြည့်ဆည်းပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးတက္ကသိုလ်ရှိ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE) အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆွေးနွေးတင်ပြ

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ACARE တာဝန်ရှိသူများက စိုက်ပျိုးရေးတက္ကသိုလ်၏ သင်ကြားရေးလုပ်ငန်းများ၊ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ မဟာသိပ္ပံနှင့် ပါရဂူတန်းသင်တန်းများကို စာသင်နှစ်အလိုက် ဖွင့်လှစ်ပို့ချပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ ဖွင့်လှစ်သည့်သင်တန်းများဖြစ်သော်လည်း အရည်အသွေးပြည့်ဝသော ပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် မိမိကျောင်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးရန်လိုကြောင်း၊ အလားတူ စာသင်နှစ်အလိုက်ကျခံရသည့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် ပြန်လည်အကျိုးပြုနိုင်သူများဖြစ်စေရေး၊ နိုင်ငံတော်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက် များတွင် တတ်စွမ်းသည့်ဘက်က ပါဝင်ကြိုးပမ်းလာကြစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သုတေသန ဆောင်ရွက်ချက်များပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေးပညာများ သင်ကြားပေးနိုင်ရေးနှင့် သင်ကြားရေးစွမ်းရည်မြှင့်တင်ရေး အတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ပြန့်ပွားရေးဆောင်ရွက်မှုနှင့်အတူ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းလုံခြုံသော GAP ထုတ်ကုန်များ၏ အာဟာရတန်ဖိုးကို ပညာပေးစည်းရုံးခြင်းကို ပညာရှင်များအပိုင်းက ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရေး အထိမ်းအမှတ် တည်ထောင်ဖွင့်လှစ်ထားသည့် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE) အတွင်းရှိ ခေတ်မီစာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အအေးခန်း၊ ခေတ်မီသစ်သီးမှည့်ခန်း၊ လေထုထိန်းချုပ်စနစ်သိုလှောင်ခန်း၊ သီးနှံသိုလှောင်ခန်းနှင့် အစားအသောက် ထုတ်လုပ်မှုအတွက် အသေးစားစက်ရုံငယ်လေးများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ အမ်၊ အက်(စ်) ဆွာမိနာသန် သုတေသန ဖောင်ဒေးရှင်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးဇီဝဥယျာဉ် သုတေသနဌာနစု၌ ဆောင်ရွက်လျက်ရှိသော စွမ်းအင်အသုံးပြုခြင်းမရှိသော အအေးပေးသိုလှောင်ကန်၊ အဆင့်မြင့်ဆန်စက်၊ စပါးသီးနှံ၏ ဘေးထွက်ပစ္စည်းများကို အာဟာရပြည့်ဝသော တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် ကောက်ရိုးအသုံးပြု နွားစာကိတ်ပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု စက္ကူပြုလုပ်ခြင်း၊ ဆန်အခြေပြု အာဟာရတန်ဖိုးမြှင့် မုန့်အမျိုးမျိုး ပြုလုပ်ခြင်း၊ သဘာဝမြေဆွေး ထုတ်လုပ်မှုနည်းပညာများကို ကြည့်ရှုအားပေးကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမ၌ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ ဘော်လီဘော အားကစားပြိုင်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် စိုက်ပျိုးရေးတက္ကသိုလ် ကိုယ်စားပြုအသင်းတို့၏ ဘော်လီဘောအားကစား ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။