အဓိကအကြောင်းအရာသို့ သွားမည်
x

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများစတင်

နေပြည်တော် နိုဝင်ဘာ ၂၃

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ထောက်ပံ့ပေးလျက်ရှိ

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချနိုင်ရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကိုတည်ထောင်ကာ ဒေသတွင်းနိုင်ငံများသို့ လူမှုစီးပွားဘဝမြှင့်တင်ရေးစီမံကိန်းများ ထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်ဆိုလျှင် ဆဋ္ဌမအကြိမ်ရောက်ရှိပြီဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို ထိရောက်စွာအထောက်အကူပြုစေနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိသော စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)၊ (၂၀၂၂)တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သော လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန်နှင့် ဧည့်သည်တော်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ပြခန်းပြကွက်များကို ကြည့်ရှုအားပေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၇)ဖြင့် စီမံကိန်းငါးခု၊ (၂၀၁၈) ဖြင့် စီမံကိန်းကိုးခု၊ (၂၀၂၀) ဖြင့် စီမံကိန်းခြောက်ခု၊ (၂၀၂၁)ဖြင့် စီမံကိန်းလေးခု၊ (၂၀၂၂) ဖြင့် စီမံကိန်း ခုနစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်းလေးခုတွင် မြန်မာ့လယ်ယာထွက်ကုန်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ စပါးအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ခွာနာလျှာနာရောဂါ ကင်းရှင်းရေးဇုန်ထူထောင်ခြင်း၊ ဒေသကြက်များကို မျီုးရိုးဗီဇမြှင့်တင်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။